ပြင်ဦးလွင် ဇွန် ၁၉
ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဖွင့်လှစ်လျက်ရှိသည့် တန်ဖိုးမြှင့်စားသောက်ကုန် (Bakery) အမျိုးမျိုးထုတ်လုပ်မှုနည်းပညာ သင်တန်းအမှတ်စဉ် (၂/၂၀၂၃-၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သင်တန်းဆင်းပွဲ အခမ်းအနားတွင် ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇင်မိုးလှိုင်နှင့် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်တို့က သင်တန်းဆင်းအမှာစကားများ ပြောကြားပြီး သင်တန်းဆင်းလက်မှတ်နှင့် သင်တန်းသားများအတွက် ကုန်ချောထောက်ပံ့ပစ္စည်းများအား အသီးသီးပေးအပ်ခဲ့ကြသည်။ ထို့နောက် လုပ်ငန်းပြန်လည် လုပ်ဆောင်မည့် သင်တန်းသားများအတွက် ကုန်ကြမ်းပစ္စည်းများအား အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက သင်တန်းသား များလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး သင်တန်းသားများကိုယ်စား သင်တန်းသူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ယခုဖွင့်လှစ်ခဲ့သည့် တန်ဖိုးမြှင့်စားသောက်ကုန် (Bakery) အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်းတွင် လျှာပေါ်ဝဲကွတ်ကီးပြုလုပ်ခြင်း၊ နှမ်းကွတ်ကီးပြုလုပ်ခြင်း၊ ထောပတ်ပလိန်း ကိတ်ပြုလုပ်ခြင်း၊ ကော်ဖီကိတ်ပြုလုပ်ခြင်း၊ ကော်ဖီကိတ်ခြောက်ပြုလုပ်ခြင်း၊ ငှက်ပျောကိတ်၊ ကော်ဖီကွက်ကီး၊ ချီဖွန်ကိတ်ပြုလုပ်နည်းနှင့် Donuts ပြုလုပ်နည်းများကို သင်ထောက်ကူပစ္စည်း အစုံအလင်ဖြင့် (၁၃-၆-၂၀၂၃) နေ့မှ (၁၉-၆-၂၀၂၃) ရက်နေ့အထိ သင်တန်းကာလ (၇) ရက်ဖြင့် နံနက်(၉)နာရီမှ ညနေ(၁၆:၀၀) နာရီအတွင်း ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ပြင်ဦးလွင်မြို့နယ်အတွင်းရှိ မုန့်လုပ်နည်း စိတ်ဝင်စားသူ၊ တစ်ပိုင်တစ်နိုင် အိမ်တွင်းအသေးစားစက်မှုလက်မှု လုပ်ငန်းလုပ်ကိုင် လိုသူများနှင့် Bakery အမျိုးမျိုး ထုတ်လုပ်ရောင်းချလိုသည့် စိတ်ပါဝင်စားသူ သင်တန်းသား(၂၅) ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။ အဆိုပါ သင်တန်းမှရရှိသော အတွေ့အကြုံများဖြင့် မိသားစုတစ်ပိုင်တစ်နိုင်ဖြစ်စေ၊ အသင်းအဖွဲ့အစည်း၊ အစုအဖွဲ့ဖြင့်ဖြစ်စေ စီးပွားဖြစ်မုန့်အမျိုးမျိုး လုပ်ကိုင်ဆောင်ရွက်နိုင်ပြီး မိသားစုဝင်ငွေ တိုးပွား အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
ဖြူလူသစ်(ခရိုင်ပြန်/ဆက်)