ကွတ်ခိုင် ဇွန် ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအသိပညာပေးနှင့် မူးယစ်ဆေးဝါးအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က၊ အ.ထ.က(မြို့မ)ကျောင်း၊ ပြည့်ရတနာခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ရှေးဦးစွာ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်စန္ဒာထွေးက အသိပညာပေးဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ သဘာဝဘေးအန္တရာယ်အကြောင်းအသိပညာပေး ဟောပြောရာတွင် မိုးရာသီဖြစ်သောကြောင့် မိုးကြိုးအန္တရာယ်အကြောင်းနှင့် အခြားသောသဘာဝဘေးအန္တရာယ် တစ်ခုဖြစ်သည့် ငလျင်ဘေးအကြောင်းတို့၏ ဖြစ်ပေါ်တက်သော ကာလများ၊ ကြိုတင်ပြင်ဆင်ထားရမည့် အချက်များ၊ ဖြစ်ပွားနေချိန် လိုက်နာရမည့် အချက်များနှင့် ဖြစ်ပွားပြီးနောက် ပြုလုပ်ရမည့်အချက်တို့ကို ကျောင်းသား၊ ကျောင်းသူများ နားလည် သဘောပေါက်အောင် အကျယ်တဝင့် ရှင်းလင်းပြောကြား၍ မိုးကြိုအန္တရာယ်ဖြစ်ပေါ်နေချိန်တွင် လုပ်ဆောင်ရမည့် အချက်များကို လက်တွေ့သရုပ်ပြသခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဌေးဌေးဝင်းက ၂၀၂၃ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြိုအဖြစ် မူးယစ်ဆေးဝါးဆိုင်ရာနှင့်ပတ်သက်၍ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးတို့ကို အကျယ်တဝင့် ဟောပြောသွားကြောင်း သိရသည်။
ချစ်မျိုးဦး (ကွတ်ခိုင်)