သီပေါမြို့၌ လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် အသိပညာပေး ဆွေးနွေးပွဲ Talk Show ပြုလုပ်

သီပေါ ဇွန် ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြုလုပ်ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက အသိပညာပေးဆွေးနွေးပွဲ Talk Showပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဒုတိယဦးစီးမှူး ဒေါ်နန်းသိင်္ဂီစိုးက တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင် စေရန်နှင့် လူငယ်များ အတွေးအခေါ၊ အယူအဆ၊ စိတ်ဓာတ်များ ခိုင်မာလာစေရန်အတွက်  လူငယ်တွေကို အားကစားကွင်းထဲ အရောက်ခေါ်ရမည်ဖြစ်ပါကြောင်း၊  အားကစားနဲ့ စည်းရုံးရမည်ဖြစ်ပါကြောင်း၊  အားကစားကွင်းထဲ ရောက်လာပြီဆိုတာနှင့် လူငယ်တွေဟာ စိတ်ပိုင်းဆိုင်ရာတွေ ပြုပြင်ပြောင်းလဲသွားပြီးမှ နိုင်ငံတိုးတက်ဖို့အတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်လှုပ်ရှားနိုင်မှာဖြစ်ပါကြောင်း၊ မိမိတို့ ပြန်/ဆက်ဌာနမှ ရပ်ကွက်နှင့် ကျေးရွာများသို့ကွင်းဆင်း၍ လူငယ်များ၊ ကျောင်းသားများနှင့် သက်ဆိုင်သောလူငယ်ရေးရာ အသိပညာပေးခြင်းများ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ မြို့နယ်အားကစားရုံနှင့် အားကစားကွင်းတွင် လူငယ်များ အခမဲ့ သွားရောက်ကစားနိုင်ပါကြောင်း၊ အခုခေတ်လူငယ်အများစုသည်ဖုန်းနှင့်ဂိမ်းဆော့ခြင်း၊ Facebook သုံးခြင်းများဖြင့် အချိန်ဖြုန်းနေသောကြောင့် တန်ဖိုးရှိတဲ့အချိန်များ အလဟဿကုန်ဆုံးနေသည်ကို တွေ့ရပါ ကြောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ချိတ်ချက်၍ လူငယ်များအနေဖြင့် မိမိ နှစ်သက်ရာ အားကစားနည်များကို ကစားကြပါရန်  အကြံပေးတိုက်တွန်းလိုပါကြောင်း စသည်ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန်   သက်ဆိုင်ရာကဏ္ဍများအလိုက်   အသိပညာပေးဆွေးနွေးပွဲ(Talk Show)များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့်ပူးပေါင်း၍ လစဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အဆိုပါ အသိပညာပေး ဆွေးနွေးပွဲ (Talk Show)များကို သီပေါမြို့နယ်ရုံးမှ ဖွင့်လှစ်ထားသောWe Love Hsipaw Facebook Page တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)