ကျောက်ပန်းတောင်းမြို့နယ် ထိုင်ဝမ်ပိန္နဲ စိုက်ပျိုးတောင်သူများ တစ်ပိဿာ ၁၅၀၀ ကျပ် ရောင်းချနေရ

ညောင်ဦး  ဇွန်  ၁၉

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ထိုင်ဝမ်ပိန္နဲ စိုက်ပျိုးတောင်သူများ ပိန္နဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အသီးသီးနှုန်း ကောင်းမွန်ကာ ဆွတ်ခူးရောင်းချချိန် တစ်ပိသာ ၁၅၀၀ ကျပ် ရောင်းချရခြင်းကြောင့် ပိန္နဲစိုက်တောင်သူများ တွက်ခြေကိုက်သည့် နှစ်တစ်နှစ် ဖြစ်ခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် လဲဂွကျေးရွာ၊ လက်ပံအိုင့်ကျေးရွာ၊ ဂွေးကုန်းကျေးရွာ၊ လျော်တော၊ နဂါးလည်၊စီးမ၊ဆည် ကျေးရွာများသည် ထိုင်ဝမ်ပိန္နဲစိုက်ပျိုးကြသည့် ကျေးရွာများဖြစ်ကြောင်း၊ ထိုင်ဝမ်ပိန္နဲမျိုးပင်များအား ပြင်ဦးလွင်မြို့သို့ သွားရောက်ဝယ်ယူခဲ့ကြပြီး ပျိုးပင်တစ်ပင် ငါးထောင်ကျပ်မှ ကိုးထောင်ကျပ်ထိ ပေးဝယ်ပြီး စိုက်ပျိုးကြကြောင်း၊ တစ်ပင်နှင့်တစ်ပင် (၁၂) ပေခြား စိုက်ပျိုးရပြီး၊ မစိုက်ပျိုးမီ တစ်ပေခွဲပတ်လည်တူးကာ မြေဆီမြေဆွေး ထည့်ပြီး ဆယ်ငါးရက်ခန့် ရေလောင်းနှပ်ထားရကြောင်း လဲဂွကျေးရွာ ထိုင်ဝမ်ပိန္နဲစွန့် ဦးစိုက်ပျိုးသူ ဦးသောင်းတင်က ရှင်းပြသည်။ ထိုင်ဝမ်ပိန္နဲပင်များ စတင်စိုက်ပျိုးပြီး တစ်နှစ်ခွဲခန့်အကြာတွင် စတင်အ ပွင့်ပွင့် အသီးသီးသော်လည်း အသီးများ မတင်ပဲ နှစ်နှစ်ခွဲသားအပင်မှသာ အသီးစတင်ကြောင်း သိရသည်။

ထိုင်ဝမ်ပိန္နဲပင်များ အရွယ်ရောက်လာသည့်အခါ ပိန္နဲပင်တစ်လျှင် ပိန္နဲသီး အနည်းဆုံး သုံးလုံးမှ အလုံးလေးဆယ်ထိသီးကြောင်း၊ ပိန္နဲသီးတစ်လုံး လေးပိဿာမှ ဆယ်လေးပိဿာထိ ရှိကြောင်း၊ ပိန္နဲသီးရောင်းချရာတွင် တစ်လုံးခြင်းမရောင်းချပဲ တစ်လုံးပိဿာချိန် အရှိအတိုင်း ရောင်းချကြောင်း သိရသည်။ ထိုင်ဝမ်ပိန္နဲသီးများသည် တစ်နှစ်ပတ်လုံး အပွင့် ပွင့်၊ အသီးသီးကြောင်း၊ ပိန္နဲသီးရင့်မရင့် ခူးဆွတ်ချိန် အညှာအား ဓားထစ်ကြည့်ရကြောင်း ပိန္နဲအစေးကျဲလျှင် ရင့်မှည့်ကာ အစေးပျစ်လျှင် မရင့်သေးကြောင်း၊ ထိုင်ဝမ်ပိန္နဲစိုက်တောင် သူများက ရှင်းပြသည်။ ထိုင်ဝမ်ပိန္နဲသီးများသည် အိမ်မာသီးများဖြစ်ခြင်းကြောင့် စားသုံးသူများ အင်တန်ကြိုက်ကြပြီး ပိန္နဲသီးပေါ်ချိန် စိုက်ခင်းအထိပိန္နဲသီးပွဲစားများ လာရောက်ဝယ်ကြကြောင်း၊ ထွက်ရှိလာသည့် ပိန္နဲသီးများ အားလုံးအပြင် မရောင်းချရပဲ ပိန္နဲသီးပွဲစားများ စိုက်ခင်းထိ လာရောက်ဝယ်ယူခြင်းကြောင့် ခရီးစရိတ် သက်သာခြင်း၊ မြို့ပေါ် ဖောက်သယ်မရှာရခြင်းများ ကလည်း ထိုင်ဝမ်ပိန္နဲစိုက်ပျိုး တောင်သူများအတွက် အခွင့်အရေးတစ်ရပ်လည်း ဖြစ်ကာ ပိန္နဲသီး တစ်ပိဿာ ၁၅၀၀ ကျပ် ရောင်းချနေရကြောင်း မနှစ်က ၉၀၀ ကျပ်မှ ၁၀၀၀ ကျပ်သာ ရောင်းချရခြင်းကြောင့် ယခုနှစ် ထိုင်ဝမ်ပိန္နဲစိုက် တောင်သူများ ဝင်ငွေတွက်ခြေကိုက်နေကြကြောင်း သိရသည်။

ဒီပါလင်း