ကျောက်တလုံးကြီး ဇွန် ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံကြီးမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်တလုံးကြီးမြို့ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်သန္တာဝင်းက ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး မူးယစ်ဆေးဝါး၏ အဓိပ္ပာယ်၊ မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းရင်းများ၊ မူးယစ်ဆေး၏ ဆိုးကျိုးများ၊ မူးယစ်ဆေးစွဲလက္ခဏာများ၊ မူးယစ်ဆေးသုံးစွဲမှုကို အချိန်မီတားဆီးနိုင်သည့် နည်းလမ်းများ၊ ဥပဒေဖြင့်ကန့်သတ်ထားသော မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ပြစ်မှုပြစ်ဒဏ်များ၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များ စသည့် အကြောင်းအရာများကို ပြည့်စုံစွာ ဟောပြောခဲ့သည်။
ထို့နောက် ဉာဏစွမ်းရည်ပြိုင်ပွဲအဖြစ် စကားပုံဆက်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် ကျားကွက်ပြိုင်ပွဲအားကျင်းပရာ ကျောင်းသားလူငယ်များ စိတ်ပါဝင်စားစွာ ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသည့် ကျောင်းသူ/ကျောင်းသားများအား မေတ္တာလက်ဆောင်များ ပေးအပ်ခဲ့သည်။
ဆက်လက်၍ နံရံကပ်စာစောင်ပြပွဲအား ကျင်းပရာ အဆိုပါနံရံကပ်စာစောင်တွင် မူးယစ်ဆေးဝါးပုံစံ အမျိုးမျိုး၊ မူးယစ်ဆေးသုံးစွဲ မှုကြောင့် စိတ်ကျရောဂါဖြစ်ခြင်း၊ မိမိကိုယ်မိမိ သေကြောင်းကြံခြင်း၊ စိတ်ရောဂါဖြစ်ခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းရင်းများ၊ တိုင်ကြားနိုင်သော ဖုန်းနံပါတ်များ၊ မူးယစ်ဆေးဝါးသုံးစွဲသူများအား ကုသပေးခြင်းနှင့် ပညာပေးခြင်း၊ မူးယစ်ဆေးဝါး ကင်းစင်သည့် လူမှုအသိုက်အဝန်းဖြစ်ပေါ်လာစေရန်စသည့် အကြောင်းအရာများ စုံလင်စွာပြသထားကြောင်းနှင့် ကျောင်းသား/ကျောင်းသူများမှ နံရံကပ်စာစောင်တွင် ပြသထားသည့် အသိပညာပေး အကြောင်းအရာ များအား စိတ်ဝင်တစား ကြည့်ရှုလေ့လာမှတ်သားကြကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)