ကျောက်ဆည်မြို့နယ်တွင် ကြက်ဟင်းခါး တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချသူ မိသားစုများ ဈေးကောင်းသဖြင့် အဆင်ပြေ

ကျောက်ဆည် ဇွန် ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ကျွန်းမြေနှင့်သဲနှုန်းမြေများ၌ ဗူး၊ ဖရုံ၊ သခွား၊ ကြက်သွန်၊ ခဝဲ၊ ကြက်ဟင်းခါး၊ နံနံ၊ ဆလပ်၊ မုံညင်း စသည့် မီးဖိုချောင်သုံး အသီးအနှံများ စိုက်ပျိုးကြကြောင်း ရွှေဒါးကျေးရွာတွင် ကြက်ဟင်ခါး တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချသူ မိသားစုများ ဈေးကောင်းသဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကြက်ဟင်ခါးသီးနှံ စိုက်ပျိုးမည်ဆိုပါက နေရောင်ခြည် ကောင်းစွာ ရရှိပြီး အပင်ဖြစ်ထွန်းစေရန်အတွက် (၈) ပေအကွာ တိုင်များစိုက်ပြီး (၅)ပေအမြင့်ရှိ စင်များ ပြုလုပ်ကာ တိုင်ခြေနှင့်တစ်ထွာအကွာတွင် ကျင်းများတူးပြီး အစေ့တိုက်ရိုက်ချ စိုက်ပျိုးကြောင်း၊ အပင်ဖြစ်ထွန်းမှု ကောင်းမွန်စေရန်အတွက် စိုက်ပျိုးပြီး (၁၅)ရက်တွင် အပင်ပတ်လည်၌ အာမိုမြေဩဇာ ဟင်းစားဇွန်း တစ်ဇွန်းခန့်ဖြူးပေးကာ ရေတင်ပေးရကြောင်း၊ (၁)လခန့်အကြာတွင် အပွင့်များ စတင်ပွင့်ပြီး (၁)လခွဲအချိန်တွင် အသီးများ စတင်ခူးခွတ်ရောင်းချရကြောင်း ခူးဆွတ်ရောင်းချရာတွင် တစ်ပိဿာငွေကျပ် (၁၂၀၀)မှ(၁၄၀၀)ကျပ် အထိ (၄)ရက်တစ်ခါ ခူးဆွတ်ရောင်းချရကြောင်း သိရသည်။

ကြက်ဟင်ခါး စိုက်ပျိုးရာတွင် အသုံးပြုသည့် တိုင်နှင့် ဝါးများသည် တစ်ခါဝယ်ယူထားပါက (၄)နှစ် အထိ အသုံးပြုနိုင်ပြီး ဘို့တစ်ထောင် ပန်တံဆိပ် ကြက်ဟင်းခါးမျိုးထုပ်တစ်ထုပ်စိုက်ပျိုးပါက စတင်ခူးချိန်တွင် အချိန်(၁၅)ပိဿာခန့် ခူးဆွတ်ရပြီး အသီးလှိုင်ချိန်တွင်(၈၀)ပိဿာအထိ ခူးဆွတ်ရကြောင်း ခူးဆွတ်ရောင်းချရသည့် သက်တမ်းမှာ အပင်အပြုအစုကောင်းပါက (၆)လခန့်အထိ ကြာမြင့်ကြောင်းနှင့် ကြက်ဟင်းခါးသီးနှံသည် မိသားစု တစ်ပိုင်တစ်နိုင် စိုက်ပျိုးနိုင်ပြီး ကုန်ကျစရိတ် နည်းပါး၍ အကျိုးအမြတ်များသောကြောင့် စိုက်ပျိုးသင့်သည့် သီးနှံတစ်မျိုးဖြစ်ကြောင်း သိရသည်။

သက်မောင်