ကွတ်ခိုင် ဇွန် ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေထားသော ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက အခြေခံပညာကျောင်းများတွင် အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၁)၌ ပြောကြားသည့် အမှာစကားကောက်နှုတ်ချက်အပါအဝင် မူးယစ်ဆေးဝါးအန္တရာယ် အမျိုးသားရေးအသွင်တိုက်ဖျက်၊ မူးယစ်ဆေးသုံးစွဲရခြင်းအကြောင်းအရင်း၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များ၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ၊ မူးယစ်ဆေးဝါးတို့ရှောင်ရှား စသည့် ခေါင်းစဉ်များဖြင့် မူးယစ်ဆေးဝါးသုံးစွဲမှုနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ သိမှတ်ဖွယ်ရာ အကြောင်းအရာများနှင့် ကဗျာ၊ ကာတွန်း၊ ဆောင်ပုဒ်များ စုံလင်စွာ ဖော်ပြပါရှိကြောင်း သိရသည်။
ချစ်မျိုးဦး (ကွတ်ခိုင်)