ကျောက်ဆည် ဇွန် ၁၉
မန္တလေးဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ဇွန်(၁၉)ရက် နံနက်(၁၀)နာရီက လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်၍ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကလေးအလုပ်သမားဆိုသည်မှာ ကလေးဘဝ ရှေ့အလားအလားနှင့် ဂုဏ်သိက္ခာတို့ကို ကင်းမဲ့စေပြီး ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နစ်နာသည့် အလုပ်မျိုးတွင် လုပ်ကိုင်နေရသူများကို ဆိုလိုကြောင်းနှင့် ထိုအလုပ်များတွင် ကလေးများ၏ စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် စာရိတ္တပိုင်းဆိုင်ရာ ထိခိုက်နစ်နာစေသည့် အလုပ်မျိုး သို့မဟုတ် ၎င်းတို့ ပညာသင်ကြားရေးကို ထိခိုက်နစ်နာစေမည့် ကျောင်းတက်ရန် အခွင့်အလမ်း ရွေးချယ်နိုင်မှု မရှိခြင်း၊ အချိန်မတိုင်မီ ကျောင်းမှ ထွက်ရခြင်း၊ ကျောင်းတက်ခြင်းနှင့်အတူ ပြင်းထန်လေးလံသော အလုပ်များကို အချိန်လွန်ကဲကြာမြင့်စွာ လုပ်ကိုင်ရခြင်းများ လုပ်ကိုင်ရကြောင်း အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက အသက်(၁၆)နှစ် မပြည့်သေးသူကို သတ်မှတ်အလုပ်ချိန်ထက် ကျော်လွန်၍ အချိန်ပို လုပ်ခွင့်မပြုရေး၊ အသက်(၁၆)နှစ်ပြည့်ပြီး အသက်(၁၈)နှစ် မပြည့်သေးသည့်သူကို အသက်မွေးဝမ်းကျောင်း သင်တန်းဆင်းလက်မှတ်၊ ကျန်းမာကြောင်း ဆရာဝန်၏ ထောက်ခံချက်ဖြင့် အလုပ်လုပ်ခွင့် ပြုနိုင်ခြင်း၊ အန္တရာယ်ရှိသော အလုပ်များတွင် အလုပ်လုပ်ခွင့် မပြုရကြောင်း ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
သက်မောင်(ပြန်/ဆက်)