ဟိုမိန်း အောက်တိုဘာ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ဟိုမိန်းမြို့တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင် ပြည်သူများ သိရှိစေရန် “ သင့်အမည် မဲဆန္ဒရှင်စာရင်းမှာ ပါ/မပါ စစ်ဆေးပြီးပြီလား ” ရွေးကောက်ပွဲ ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက ဟိုမိန်းမြို့မစျေးတွင် ဖြန့်ဝေခဲ့သည်။
ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်တွင် အတူတကွ မဲပေးကြပါစို့၊ မဲဆန္ဒရှင်စာရင်းတွင် မိမိအမည်ပါ/မပါ သွားရောက်စစ်ဆေးဖို့ မမေ့ပါနဲ့(အွန်လိုင်းမှလည်း စစ်ဆေးနိုင်ပြီနော်)၊ သင်မဲပေးဖို့ အဆင်သင့်ဖြစ်ပြီလား၊ ဆန္ဒမဲပေးရာတွင် အရေးကြီးတဲ့ သတိပေးချက်များဖြစ်သည့် အဆင့်(၁) ဘေးကင်းလုံခြုံစွာနေပါ၊ အဆင့်(၂) သင်က ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဖြစ်ပါသလား၊ အဆင့်(၃) မဲစာရင်းစစ်ဆေးပါ၊ အဆင့်(၄) သွားရောက်ဆန္ဒမဲပေးပါ၊ မဲစာရင်းတွင် ဖြည့်စွက်ရန်/ပြင်ဆင်ရန်လိုအပ် ပါက လိုအပ်သော ပုံစံ(၃) မဲစာရင်းတွင် အမည်ထည့်သွင်းခြင်း၊ ပုံစံ(၃-က) မိမိအမြဲတမ်းနေရပ်မှ ရက်ပေါင်း(၉၀)ထက်မနည်း မဲဆန္ဒနယ်ပြင်ပရောက်ရှိနေခြင်း၊ ပုံစံ(၄) မဲစာရင်းနှင့် ပတ်သက်၍ ကန့်ကွက်လိုခြင်း၊ ပုံစံ(၄-ဂ) ကိုယ်ရေးအချက်အလက်များ ပြင်ဆင်လိုခြင်း စသည့် ရွေးရောက်ပွဲဆိုင်ရာ အသိပညာပေးခြင်းကို ပြည်သူများ အလွယ်တကူ သိရှိစေရန် ရုပ်ပုံများဖြင့် ပညာပေးဖော်ပြထားသည်။
အဆိုပါ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ဟိုမိန်းမြို့ ပြန်/ဆက်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နန်းဆေးနှင့် မြို့ပေါ်(၃)ရပ်ကွက်ရှိ ရပ်ကျေးစာရေးများက မြို့မစျေး၊ မြို့ပေါ်ရပ်ကွက်များနှင့် လူစည်ကားရာနေရာများတွင် ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရဲနောင်(ဟိုမိန်း)