ဥတ္တရသီရိမြို့နယ်တွင် အမျိုးသမီးဝင်ငွေ တိုးတက်ရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းအတွက် ဖွင့်လှစ်သည့်အခြေခံ​စက်ချုပ်နည်းပညာနှင့် ဖက်ရှင်ဒီဇိုင်းသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းတက်ရောက်

ဥတ္တရသီရိ ဇွန် ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာအုပ်စု၊ တောင်ညို ကျေးရွာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် အမျိုးသမီးဝင်ငွေတိုးတက်ရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းအတွက် ဖွင့်လှစ်သည့် အ​ခြေခံ​စက်ချုပ်နည်းပညာနှင့် ဖက်ရှင်ဒီဇိုင်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ နေပြည်တော် စီမံကိန်းလုပ်ငန်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇေယျာလင်းက အဖွင့်အမှာစကားပြောကြားရာ နေပြည်တော် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန အနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေး နိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးပွားရေး ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းအတွက် စီမံကိန်းလုပ်ငန်း(၆)ခု၊ သင်တန်း(၅)မျိုး ဖွင့်လှစ်ပို့ချဆောင်ရွက် သွားနိုင်ရန် ကျေးရွာ(၉)ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးအေးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် နေပြည်တော် စီမံကိန်းလုပ်ငန်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇေယျာလင်းက အမျိုးသမီးဝင်ငွေတိုးတက်ရေးစီမံကိန်း အကောင်အထည်ဖော်ရေးအဖွဲ့ဝင်များအား စီမံကိန်း ဝတ်စုံများ ပေးအပ်ခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ နေပြည်တော်  အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးအေး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်း၊ အဖွဲ့ဝင် ဗိုလ်မှူးပြည့်ဖြိုးမင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဌေးဝင်း၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် သင်တန်းသူ(၂၀)ဦး တက်ရောက်ကာ သင်တန်းကာလမှာ ဇွန်လ ၁၉ ရက်နေ့မှ သြဂုတ်လ ၂၂ ရက်နေ့အထိ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)