ပင်းတယမြို့နယ်တွင် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး မြို့နယ် စည်ပင်သာယာရေးဌာနမှ စဉ်ဆက်မပြတ်ဆောင်ရွက်

ပင်းတယ ဇွန် ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်သည် ဘုရားတန်ခိုးကြီး စေတီပုထိုးများ၊ အထင်ကရနေရာများ ပေါများရာ ဒေသဖြစ်ပြီး ပြည်တွင်း/ပြည်ပမှ လာရောက်လည်ပတ်သူများဖြင့် စည်ကားရာမြို့တစ်မြို့ဖြစ်သည့်အတွက် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး အတွက် မြို့တွင်းလမ်းဘေးဝဲယာ တစ်လျှောက်နှင့် မြို့မဈေးအတွင်း/အပြင်၌ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မြို့နယ်စည်ပင်သာယာရေးဌာန ဝန်ထမ်းများမှ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အမှုဆောင်အရာရှိ ဦးစည်သူဝင်း၏ လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများက မြို့နယ်အတွင်း သန့်ရှင်းသပ်ရပ်မှု ရှိစေရေးအတွက် လမ်းဘေးဝဲယာတစ်လျှောက် သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်မျာကောက်ယူ သိမ်းဆည်းခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးရေမြောင်းအတွင်းရှိ အမှိုက်များ ရှင်းလင်းခြင်းနှင့် မြို့မဈေးအတွင်းရောင်းချသည့် အသီးအရွက်နှင့် စားသောက်ကုန်များ၊ အဝတ်အထည်များနှင့် လူသုံးကုန်ပစ္စည်းများအား ကျန်းမာရေးနှင့် ညီညွှတ်ပြီး သန့်ရှင်းသပ်ရပ်စွာဖြင့် စနစ်တကျ ရောင်းချနိုင်ရေးအတွက် ပင်းတယမြို့မဈေးအတွင်းရှိ အမှိုက်သရိတ်များနှင့် ဈေးအပြင်ဘက် ပတ်ဝန်းကျင်ရှိ ရေမြောင်းများအတွင်းရှိ အမှိုက်သရိတ်များကို လိုက်လံသိမ်းဆည်းခဲ့ကြပြီး အမှိုက်ကားဖြင့် စနစ်တကျ သယ်ယူစွန့်ပစ်ခဲ့ကြကြောင်း သိရသည်။

ယခင်က ပင်းတယဈေးသည် (၅)ရက်တစ်ကြိမ်သာ ရောင်းချသည့်ဈေးဖြစ်ခဲ့ရာမှ ယခုအခါတွင် နေ့စဉ် ဖွင့်လှစ်ရောင်းချသည့် ဈေးဖြစ်လာသောကြောင့် ဈေးတွင်း၊ ဈေးပြင် သန့်ရှင်းသပ်ရပ်မှု ရှိစေရေး မြို့နယ်စည်ပင် သာယာရေးဌာနမှ စဉ်ဆက်မပြတ် သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)