ကမာရွတ် ဇွန် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှူနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးအန္တရာယ်ကြောင့် လူ့စွမ်းအားအရင်းအမြစ်များ ဆုံးရှုံးမှုမရှိစေရန်”မူးယစ်ဆေးဝါးဒို့ရှောင်ရှား”ခေါင်းစဉ်ဖြင့် ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ကမာရွတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနမှ ဦးစီးအရာ ရှိဒေါ်စိမ်းလဲ့က ဟောပြောရာတွင် ဘိန်းပင်၏ မူလစတင်ပေါက်ရောက်ရာ ဒေသအကြောင်း၊မြန် မာနိုင်ငံသို့ ဘိန်းစတင်ရောက်ရှိလာပုံ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်စေသည့် နောက်ဆက်တွဲဆိုးကျိုးများ၊ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချမှုကြောင့် တရားဥပဒေစိုးမိုးမှုအပေါ် ထိခိုက်ပျက်ပြားစေမှုများ၊အနာဂတ်လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် လူ့စွမ်းအားအရင်းအမြစ်များ ပျက်စီးဆုံးရှုံးကြရပုံများကို အကျယ်တဝင့် ဟောပြောခဲ့သည်။
အဆိုပါဟောပြောပွဲသို့ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၈၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။
ကမာရွတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ အသိပညာဗဟုသုတရရှိရေးအတွက် ဟောပြောပွဲများ ပြုလုပ်ပေးခြင်း၊ နံရံကပ်စာစောင်များ ပြသပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဖြူးပေးခြင်း၊ Talk Show များ ပုံပြောအ စီအစဉ်များပြုလုပ်၍ Online စနစ်ဖြင့် ထုတ်လွှင့်ပေးခြင်း၊ စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းပေးခြင်းနှင့် ပြည်သူလူထုသိသင့်သိထိုက်သည့် သတင်းအချက်အလက်များအား We Love Page နှင့် ပြည်သူ့စာကြည့်တိုက် Page များမှ အချိန်နှင့်တပြေးညီ ထုတ်လွှင့်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
စိမ်းလဲ့(ပြန်ဆက်)