လားရှိုး ဇွန် ၁၉
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံးနှင့် လားရှိုးမြို့နယ် စာရေးဆရာအသင်းတို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီအချိန်က လားရှိုးမြို့၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်၊ မူးယစ်ဆေးဝါးဆိုးကျိုးများနှင့် လားရှိုးလူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ဆောင်ရွက်နေသည့် အသိပညာပေး လုပ်ငန်းများ အကြောင်း၊ အခမဲ့ဖွင့်လှစ်ပေးလျက်ရှိသည့် သင်တန်းများအကြောင်းကို ရှင်းလင်းဟောပြောသည်။
ဆက်လက်၍ မြန်မာနိုင်ငံစာရေးဆရာအသင်း လားရှိုးမြို့နယ် ဥက္ကဋ္ဌ စာရေးဆရာ ကောင်းညွန့်ဝေ (ရေစကြို)က “မူးယစ်ကင်းစင် မြူမတင်၊ ဖြူစင်လှပ လူ့ဘဝ” ခေါင်းစဉ်ဖြင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များကို ကျောင်းသား၊ ကျောင်းသူများအား ဟောပြောခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ လားရှိုးမြို့၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ အထက်တန်း၊ အလယ်တန်း ကျောင်သား၊ ကျောင်းသူများ စုစုပေါင်းအင်အား ၄၀၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဟောပြောပွဲသို့ တက်ရောက်လာကြသူများအား လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ အား အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်