မက်မန်းမြို့ရှိ ပြည်သူ့စာကြည့်တိုက်၌ စာအုပ်၊စာပေလာရောက်ငှားရမ်းသူ ကျောင်းသားလူငယ်များနှင့်စည်ကား

မက်မန်း ဇွန် ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိပြည်သူ့စာကြည့်တိုက်တွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီဖြစ်၍ စာငှား/ စာဖတ် လာရောက်ကြသည့် ကျောင်းသား/ ကျောင်းသူများဖြင့် စည်ကားလျက်ရှိသည်။

“ကျောင်းသား/ ကျောင်းသူ အကြီးတန်းတွေက စာအုပ်၊ စာပေတွေ ပိုငှား၊  ပိုဖတ်လာကြတယ်။ နေ့ထူးနေ့မြတ်တွေရှိတော့ ပိုငှားတယ်။ အခု လ က မူးယစ်တိုက်ဖျက်ရေးဆိုတော့ စာစီစာကုံးနဲ့ ကဗျာတွေ ပြိုင်ကြဖို့ စာတွေကြိုတင်လေ့လာလို့ရအောင် လာငှားကြတဲ့ကလေးတွေရော၊ အချို့ကလေးတွေက နယ်မှာ နေကြတာများတော့ ကျောင်းဖွင့်မှ မြို့ပေါ်နေကြရတာဖြစ်တာကြောင့် မြို့မှာရှိတဲ့ စာကြည့်တိုက်ကို လာပြီး စာအုပ်တွေလာရောက်ငှားရမ်းကြ၊ စာဖတ်ကြစတာတွေလုပ်လာကြတယ်။ စာကြည့်တိုက်မှူးတွေ အနေနဲ့ လည်း ကျောင်းသား/သူတွေ လိုအပ်တဲ့ စာအုပ်စာပေတွေကို အဆင်ပြေပြေ ဖတ်ရှုလို့ရအောင် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးနေကြောင်း” စာကြည့်တိုက်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်လေးလေက ပြောကြားသည်။

မက်မန်းခရိုင်၊ ပြည်သူ့စာကြည့်တိုက်သည် ကျောင်းသားလူငယ်များအားထားရာ ပညာဘဏ်တိုက် စာကြည့်တိုက်ဆောင်ပုဒ်နှင့်အညီ မြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူနှင့် အများပြည်သူများ ဗဟုသုတရှာမှီးရာ နေရာတစ်ခုဖြစ်သည့်အလျောက် စာအုပ်လာရောက်ငှားရမ်းဖတ်ရှုသည့် ပညာရှာသူ ကျောင်းသား/ကျောင်းသူ များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

အေးဝင်းခိုင်(ခရိုင်၊ပြန်/ဆက်)