မြောက်ဥက္ကလာပ အောက်တိုဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ် ရပ်ကွက်ရှိ အ.ထ.က(ခွဲ)လ(၁၀)ကျောင်းနှင့် (၁၄)ရပ်ကွက်ခွဲ ဓမ္မာရုံတွင် ဖွင့်လှစ်ထားသည့် Quarantine Centre များ၌ အသုံးပြုရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများနှင့် အလှူငွေများကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ယမန်နေ့ နံနက်ပိုင်းက လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့သို့လှူဒါန်းရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး သုံးပစ္စည်းများဖြစ်သည့် PPE ဝတ်စုံများ၊ Hand gel ဘူးများနှင့် အလှူငွေ ကျပ်(၂၅၀,၀၀၀)ကို ပေးအပ်ရာ ရွှေပေါက်ကံမြို့သစ် ရပ်ကွက်အုပ်ချုပ်ရေး ရုံးအဖွဲ့မှူး ဦးနိုင်ဝင်းနှင့် ဦးထိန်လင်းဦးတို့က လက်ခံရယူခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းရရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများနှင့် အလှူငွေများကို ရပ်ကွက် အတွင်း ဖွင့်လှစ်ထားသည့် Quarantine Centre များတွင် စနစ်တကျ ပြန်လည်အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။
မြမြဝင်း (ပြန်/ဆက်)