သိန္နီ ဇွန် ၁၉
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် လုံခြုံရေး၊ တရားဉပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ရန်အတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာ အဖွဲ့အစည်းများပါဝင်သော စစ်ကြောင်းကြီး ၅ ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့ နံနက်ပိုင်း အချိန်က နားဆော့ကျေးရွာအုပ်စု မိုင်းပန်ကျေးရွာခန်းမ၌ ဆောင်ရွက်ခဲ့သည်။
တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းက အဖွင့်အမှာ စကားပြောကြားခဲ့သည်။ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှ ဒုမြို့နယ်ရဲတပ်ဖွဲ့မှူးအေးကျော်က ဒေသလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်မိုးအောင်က ကိုဗစ်ကာကွယ်ဆေးများ အကြိမ်ပြည့် ထိုးနှံကြရန်နှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းကိစ္စရပ်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်သူဇာအေးက ပြောင်းလဲလာသည့် စနစ်သစ် ပညာရေးအကြောင်းနှင့် ကျောင်းနေအရွယ် ကျောင်းသား၊ကျောင်းသူများအား နိုင်ငံတော်မှ ထောက်ပံ့ပေးမှုများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးစိုးတင့်က မှတ်ပုံတင်ပြုလုပ်ခြင်းနှင့် အိမ်ထောင်စု ဇယားပြုလုပ်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစောသိန်းထိုက်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေးမှုအခြေအနေများနှင့် စိုက်ပျိုးရေးဆိုင်ရာ ကိစ္စရပ်များကို အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာသော ပြည်သူများက လိုအပ်ချက်များကို တင်ပြကြရာ သက်ဆိုင်ရာ ဌာနဆိုင်ရာများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)