မိုင်းခတ် ဇွန် ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမ၌ ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းနွယ်နီအောင်က “လူငယ်နှင့်မူးယစ်ဆေးဝါး” ခေါင်းစဉ်ဖြင့် ဟောပြောရာတွင် ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များ၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးအန္တရာယ်များ၊ ကြိုတင်ကာကွယ်ရေး သည် ကုသရေးထက် ပိုမိုကောင်းမွန်ကြောင်းနှင့် ကျောင်းသားလူငယ်များအနေဖြင့် အားလပ်ချိန်တွင် အားကစားနှင့် စာဖတ်ခြင်းတို့ကိုသာ လေ့လာသင်ယူ သင့်ပါကြောင်း ပြောကြားပြီး အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်များ၊ Mini Museum ခန်းမရှိ တိုင်းရင်းသားယဉ်ကျေးမှု အသုံးအဆောင်ပစ္စည်းများအား စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာ ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)