ကော့မှူး ဇွန် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းသည် ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများ စာပေလေ့လာဖတ်ရှု လေ့လာနိုင်ရန်၊ စာပေနှင့်အဆက်မပြတ် ထိတွေ့မှုရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ဇလုတ်ကြီးကျေးရွာနှင့် မကျီးကန်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းများ၌ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးနေကြောင်း သိရသည်။
အဆိုပါရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ပေါ်တွင် ပြည်သူများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများစွာ ရရှိနိုင်သော သုတ/ရသ၊ မဂ္ဂဇင်း၊ ဝတ္တု၊ ရုပ်ပြစာအုပ် စုစုပေါင်း (၁၅၀၀)ကျော်ပါရှိပြီး ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာကျောင်းများ၊ ရပ်ကွက်များအရောက် ရက်သတ္တပတ် နှစ်ပတ်လျှင်တစ်ကြိမ် ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက် ကျေးရွာများအရောက် အခမဲ့လိုက်လံငှားရမ်းပေးနေကြောင်း သိရသည်။
ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်များ အသိပညာဗဟုသုတတိုးတက်စေရေး၊ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားရေးနှင့် လူစွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်း၊ သင်တန်းများဖွင့်လှစ်ပေးခြင်း၊ လူငယ်စကားဝိုင်းများ၊ ဟောပြောပွဲများ၊ စာဖတ်ဝိုင်းများ နံရံကပ်စာစောင်ပြသခြင်း လုပ်ငန်းများစသည့် လုပ်ငန်းများကို အစဉ်အမြဲကျင်းပပေးနေကြောင်း သိရသည်။
ကျော်သူရ(ကော့မှူး)