တောင်ကြီး အောက်တိုဘာ ၉
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ တောင်ကြီးခရိုင်အတွင်းရှိ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိကျေးရွာများသို့ ရေကောင်းရေသန့်ရရှိရေးအတွက် ရေဗြုန်ရေထွက် (သဘာဝရေထွက်)မှ ရေသွယ်ဖြန့်ဝေပေးခြင်းလုပ်ငန်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဝန်ကြီးဌာန၏ ထောက်ပံ့ ရန်ပုံငွေကျပ်(၁၅.၀၀)သန်းဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံအစိုးရ မဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် Terra People Association (TPA) အဖွဲ့တို့ ပူးပေါင်း၍ ၂၀၁၄ ခုနှစ်တွင် ကျပ်(၅၆၅.၂၀၅)သန်း အကုန်ကျခံပြီး ရေအမြင့်တင်ခြင်းစနစ်ဖြင့် အင်းလေးဒေသရှိကျေးရွာများသို့ ရေရရှိရေးလုပ်ငန်း ဆောင်ရွက်ပေးခဲ့သည်။ အင်းလေးဒေသရှိကျေးရွာများသို့ ရေသွယ်ယူထားသည့် (၆)လက်မ ရေအောက်ပိုက်လိုင်းများ ပျက်စီးခြင်း၊ ရေဘား/လေဘားများ ပျက်စီးခြင်း၊ မော်တာနှင့် ရေတင်ပန့်များ ပျက်စီးနေပြီး ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် ရေပေးဝေရေးကော်မတီအဖွဲ့၏ ဆက်သွယ်လာမှုအရ အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်း ဖြစ်သည်။
ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး(တောင်ကြီး)၏ အနီးကပ်ကြီးကြပ်မှု ရေပေးဝေရေး ကော်မတီအဖွဲ့နှင့် ကျေးရွာလူထုများ ပူးပေါင်းပါဝင်မှုဖြင့် ရေတင်မော်တာနှင့် ပန့်များ ပြန်လည်ပြုပြင်ခြင်း၊ ရေအောက်ရှိ (၆)လက်မ ပိုက်လိုင်းများ ပြန်လည်ဖော်ထုတ်၍ စစ်ဆေးခြင်း၊ ပျက်စီးနေသည့်အပိုင်းအား ပိုက်အသစ်များဖြင့် အစားထိုးပြီး ပြုပြင်ပေးမှုကြောင့် ကန်ခေါင်းကျေးရွာနှင့် အင်းပေါခုံအုပ်စုရှိကျေးရွာများ စုစုပေါင်း ကျေးရွာ(၇)ရွာ အိမ်ခြေ(၄၆၀)ခန့် ရေရောက်ရှိ၍ အိမ်ခြေ(၄၆၀)ခန့် ရေဗြုန်ရေထွက်မှ သွယ်ယူထားသည့် ရေကောင်းရေသန့်အား အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။
ဟိန်းလျှံဖြိုး(တောင်ကြီး)