မိုင်းရယ် အောက်တိုဘာ ၉
မိုင်းရယ်မြို့နယ်၊ ရပ်ကွက်(၁)ရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် မိုင်းရယ်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၂)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က အဖွင့်အမှာစကား ပြောကြားပြီး ရွေးကောက်ပွဲကာလ နီးကပ် လာသည့်အတွက် ကြိုတင်ပြင်ဆင်ထားသင့်သည်များကို ပြုလုပ်ရန် ညှိနှိုင်းအစည်းအဝေး ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ မဲလက်မှတ်များ သယ်ယူရာတွင် သေချာစွာ ထုပ်ပိုးပေးရေး၊ မဲလက်မှတ်များရေတွက်ရာတွင် မှားယွင်းမှုများ မဖြစ်ပေါ်စေရေး၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးအား ၎င်းနေ့ရက်တွင် ဆက်သွယ်ရေး၊ လျှပ်စစ်မီးများ ပြတ်တောက်မှု မရှိစေရေးများ ဆောင်ရွက်ထားရှိကြောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိန်းဝင်းက မိမိတို့ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် အောက်တိုဘာလ ၁ ရက် နေ့မှစတင်ပြီး ကြေငြာထားသည့် မဲစာရင်းများအား လိုက်လံစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်နန်းစုနိုင်ဦးက ရွေးကောက်ပွဲကျင်းပသည့် နေ့ရက်တွင် မဲဆန္ဒရှင်များအတွက် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ နှာခေါင်းစည်းများအား မဲပေးသည့်လူဦးရေ၊ မဲရုံအဖွဲ့ဝင်များအတွက် စုစုပေါင်း ၁၀% ထပ်ဆောင်း ထုတ်ပေးထားသည်ကို ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)