ပင်းတယ ဇွန် ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိကစီးပွားရေးအဖြစ် လုပ်ကိုင်ကြပြီး ဒေသနှင့်ကိုက်ညီသည့် သီးနှံများကို ရာသီများအလိုက် စီးပွားဖြစ်စိုက်ပျိုးရောင်းချလျက်ရှိကြရာ ယခုကာလထွက်ရှိသည့် နဂါးမောက်သီးများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မကြာမီဈေးကွက်အတွင်း ရောက်ရှိတော့မည်ဖြစ်သည်။
ပင်းတယမြို့နယ်တွင် စီးပွားဖြစ်စိုက်ပျိုးထားသည့် တော်ဝင်နန်းစိုက်ပျိုးရေးခြံတွင် နိုင်ငံခြားမျိုးရင်းဝင် နဂါးမောက်အပင် (၁၂၀၀)ပင်ခန့် စိုက်ပျိုးထားပြီး မြန်မာနိုင်ငံ၏ တောတောင်ရေမြေ သဘာဝနှင့်ကိုက်ညီသည့် စိုက်ပျိုးနည်းများဖြင့် စိုက်ပျိုးထားခြင်းဖြစ်သောကြောင့် အော်ဂဲနစ်စိုက်ပျိုးရေးခြံအဖြစ် မှတ်တမ်းဝင် လက်မှတ်ရရှိထားပြီးဖြစ်ကြောင်းနှင့် အော်ဂဲနစ်နဂါးမောက်စိုက်ခင်းများမှထွက်ရှိသည့် ထိုင်းနိုင်ငံမျိုးရင်းနဂါးမောက် တစ်ပင်လျှင် အလုံးရေ (၂၀)ကျော်ထွက်ရှိပြီး နဂါးမောက်သီးအလုံး(၃၀)ပါ သေတ္တာ(၁)လုံးကို ငွေကျပ် (၂၁၀၀၀)ကျပ်မှ (၂၅၀၀၀)ကျပ်အထိဈေးပေါက်နေကြောင်း သိရသည်။
ပင်းတယမြို့နယ် အနီးအနားကျေးရွာများတွင် နဂါးမောက်သီးပင်များ ဧကအများအပြားစိုက်ပျိုးထားရှိပြီး ယခုရက်ပိုင်းတွင် နဂါးမောက်သီး အလုံးအရွယ်အစား ပေါ်မှုတည်၍ (၁)လုံးလျှင် (၁၀၀၀)ကျပ်မှ (၁၅၀၀)ကျပ်အထိရှိနေကြောင်း၊ ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များအား စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးနည်းပညာများရယူစိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး နဂါးမောက်သီးပင်စိုက်ပျိုးရာတွင် သဘာဝမြေဩဇာဖြစ်သည့် ကြက်ချေး၊ နွားချေး၊ ဖွဲပြာများကိုသာ အသုံးပြုစိုက်ပျိုးကြပြီး စိုက်ပျိုးပြီးကာလ (၈)လခန့်အကြာတွင် အသီးများရင့်မှည့် ခူးဆွတ်နိုင်ပြီဖြစ်ကြောင်းနှင့် ထွက်ရှိလာသည့် နဂါးမောက်သီးများကို ပင်းတယမြို့နယ်မှတစ်ဆင့် ရန်ကုန်၊ မန္တလေး၊ တောင်ကြီးအစရှိသည့် မြို့ကြီးများသို့ တင်ပို့ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)