တွံတေး အောက်တိုဘာ ၉
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်ကြမည့် အထူးရဲသင်တန်း တက်ရောက်နေသော သင်တန်းသားများအား ကိုဗစ်-၁၉ရောဂါ ပိုး ရှိ/မရှိ ကို ရန်ကုန် တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမျိုးဇော်လှ ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက Standard Q COVID-19 Antigen (RDT) Test ဖြင့် ယမန်နေ့က စစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ စစ်ဆေးရာတွင် တွံတေးမြို့နယ်အတွင်းရှိသင်တန်း(၃)နေရာတွင်သင်တန်းတက်ရောက် နေကြသော အထူးရဲ (၃၈၄)ဦးတို့အား ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ စစ်ဆေးခြင်းပထမအကြိမ် အဖြစ်(၂၄၈)ဦးကို Swab ရယူပြီး ဒုတိယအကြိမ်အဖြစ် ကျန်ရှိသော (၁၃၆) ဦး ကို ယနေ့ဆက်လက်၍ Swab ရယူစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မျိုးလှိုင်(တွံတေး)