ပူတာအို ဇွန် ၁၉
ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပူတာအိုဒေသ၏ ရေခဲတောင် သဘာဝအလှများ၊ သားငှက် တိရိစ္ဆာန်များ၊ တောတောင်ရှုခင်း များဖြင့် ဒေသတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားဧည့်သည်များ လည်ပတ်ကြည့်ရှု အပန်းဖြေအနားယူနိုင်ရေး ခရီးစဉ်ဒေသအသစ်များကို အကောင်အထည်ဖော်လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် သည် မချမ်းဘောမြို့နယ်၊ အလန်ဂါးကျေးရွာအတွင်း ပူတာအို-မချမ်းဘော-နောင်မွန် ပြည်ထောင်စု လမ်းကြီးဘေး မိုင်တိုင်(၂၆)ရှိ အင်မွေးတောင်ရှုခင်းသာ(View Point)ကို ဖွင့်လှစ်ပေးခဲ့ကြသည်။
အဆိုပါ အင်မွေးတောင်ရှုခင်းသာ(View Point) ကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေကျပ် (၇၅.၉) သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး View Point ဖွင့်ပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုဒေသ၏ သဘာဝအလှများနှင့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များသည် ခရီးသွားဧည့်သည်များကို အဓိက ဆွဲဆောင်လျက်ပါကြောင်း၊ ဒေသတွင်း လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးကို ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ခရီးသွားများ လည်ပတ်ကြည့်ရှု အပန်းဖြေအနားယူနိုင်ရေးအတွက် ခရီးစဉ်နေရာအသစ်များကို ဖော်ထုတ်ပေးရမည်ဖြစ်ပါကြောင်း၊ သို့မှသာ ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်ပြီး ဒေသနေတိုင်းရင်းသားများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိကာ တစ်ဦးချင်းဝင်ငွေတိုးတက်ပြီး လူမှုစီးပွားဘဝဖွံဖြိုး တိုးတက်လာ မည်ဖြစ်ပါကြောင်း၊ ထို့အပြင် ဒေသခံပြည်သူများအနေဖြင့် မိမိတို့ ဒေသတောတောင်အလှများကို မပျောက်ပျက်အောင် ထိန်းသိမ်းရ မည်ဖြစ်သကဲ့သို့ ဒေသတွင်း ဝမ်းစာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကိုလည်း ဌာနဆိုင်ရာများနှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြာသည်။
ဆက်လက်၍ ပူတာအိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်ကိုလွင်က ရှုခင်းသာ (View Point) အကောင် အထည်ဖော်ဆောင်ရွက်ခဲ့သည့် တည်ဆောက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး အလန်ဂါးကျေးရွာဒေသခံ ပြည်သူ တစ်ဦးက ကျေးဇူးတင်စကားပြော ကြားသည်။
ထို့နောက် (၂၆)မိုင် View Point ကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိတို့က ဒေသခံများ နှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး View Point နေရာမှ တစ်ဆင့် ပတ်ဝန်းကျင်ရှိ တောတောင် သဘာဝရှုခင်းအလှများကို ကြည့်ရှုစစ်ဆေးကာ ရှုခင်းသာနေရာအား အဆင့်မြှင့်တင်ဆောင်ရွက်နိုင် ရေး၊ အလှပန်းပင်များဖြင့် ဝေဆာသည့် ပန်းခြံတစ်ခု ထပ်တိုးဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မချမ်းဘောမြို့ မလိခမြစ်ဘေးရှိ ဂူဘားရိပ်သာ၌ မချမ်းဘောမြို့ပေါ် ရပ်ကွက်များ မြစ်ရေတိုက်စားမှုမှ ကာကွယ်နိုင်ရေး ကျောက်စီရေ ထိန်းတမံများ တည်ဆောက်ခြင်း လုပ်ငန်းများနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုကို လိုအပ်သည်များ ဖြည့်စွက်ဆောင်ရွက်နိုင်ရေး မှာကြားကာ ရပ်ကွက် (၃)အတွင်း ကျောက်စီရေ ထိန်းတမံ အရှည်ပေ (၈၀၀)ပေ တည်ဆောက်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြ သည်။
ယင်းနောက် အဆိုပါ ရပ်ကွက် (၃)အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် (၁၀)သိန်းဖြင့် ပိုင်ရှင် ဦးမိုးအောင်၏ ငါးကန်များအတွင်း ငါးခူ၊ တီဘားဗီးယားငါးနှင့် ငါးကြင်းများ မွေးမြူထားရှိမှု၊ ငါးသား ပေါက်များ ရှင်သန်ကြီးထွားလာမှု အခြေအနေများကိုလည်းကောင်း၊ ပိုင်ရှင် ဦးလထွယ်၏ ခြံ၌ နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် (၁၀)သိန်းဖြင့် ငါးမွေးမြူရေးကန်များကို လည်းကောင်း ရွှေဝါ ငါးကြင်း၊ မြက်စားငါးကြင်း၊ ဒေသငါးခူ၊ တီလားဗီးယားငါးနှင့် မျိုးစပ်ငါးခူငါးများ မွေးမြူထားရှိမှု၊ ဖြစ်ထွန်းလာမှု အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးကာ ငါးမွေးတောင်သူများအား ငါးကန်ဖြင့် မွေးမြူရာတွင် စနစ်တကျမွေးမြူနိုင်ရေး အသိပညာပေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သွားရေးနှင့် ဈေးကွက်ရရှိရေး၊ လိုအပ်သည်များ ပံ့ပိုးကူညီပေးနိုင်ရေး ညှိနှိုင်းပေါင်း စပ်ဆောင်ရွက်ပေးခဲ့ကာ ငါးကန်ပိုင်ရှင်များအား ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် အင်ဘူးဘော့ကျေးရွာသို့ သွားရောက်ခဲ့ကြပြီး ကျေးရွာအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် (၅)သိန်းဖြင့် ပိုင်ရှင်ဦးခေါ်ယုထင်၏ ခြံ၌ ဂရိတ်ဖုသီးပင်များ စိုက်ပျိုးထားရှိမှု အခြေ အနေများနှင့် ခြံဝင်းအတွင်း ကော်ဖီပင်၊ ဝဥပင်များနှင့် အခြားနှစ်ရှည်သီးနှံပင်များ စိုက်ပျိုးရှင်သန် နေမှုအခြေအနေများကို လည်းကောင်း၊ ပိုင်ရှင် ဦးဒလန်ဂိန်ဖေရမ်၏ ခြံ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် (၆)သိန်းဖြင့် စိုက်ပျိုးဆောင်ရွက်ထားရှိသည့် ဂရိတ်ဖုသီးပင်များကို လည်းကောင်း၊ ပိုင်ရှင် ဦးလဆိုင်း၏ ခြံ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် (၁၀)ဖြင့် ဂရိတ်ဖုသီးပင်များ စိုက်ပျိုး ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဖြစ်ထွန်းအောင်မြင်မှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဒေသထွက် သီးနှံများတွင် ဂရိတ်ဖုသီးသည် ဈေးကွက်ရှိပြီး ဖြစ်သလို ခြံစိုက်တောင်သူများအတွက် ဝင်ငွေတိုးပွားအကျိုးဖြစ်ထွန်းသည့် သီးနှံတစ်ခုဖြစ်သည့် အတွက် ဒေသတစ်ခု ထုတ်ကုန်တစ်ခုအစီအစဉ်ဖြင့် ပိုမိုတိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေး မျိုးကောင်း မျိုးသန့်၊ စိုက်ပျိုးရေးနည်းပညာများ စနစ်တကျဖြန့်ဝေပေးနိုင်ရေး စိုက်ပျိုးရေးဦးစီးဌာနနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် နန်းခမ်းကျေးရွာသို့ သွားရောက်ပြီး နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် (၁၀)သိန်းဖြင့် ပိုင်ရှင် ဦးဖုန်ရားဖေရမ် ငါးကန်၌ တီလားဗီးယား ငါး၊ ငါးကြင်းနှင့် မျိုးစပ်ငါးခူများ မွေးမြူထားရှိမှု အခြေအနေများ၊ ရှင်သန်ကြီးထွားလာမှု အခြေအနေများ ကို ကြည့်ရှုစစ်ဆေးကာ အဆိုပါ ကျေးရွာအတွင်းမှ ငါးဦးစီးဌာနမှ ဖွင့်လှစ်သည့် စနစ်တကျ ငါးမွေးမြူရေးသင်တန်းတက်ရောက်ခဲ့ကြသော တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးကာ ထောက်ပံ့ငွေများကို ထောက်ပံ့ပေး အပ်ခဲ့သည်။
ယင်းနောက် ကောင်းမှုလုံစေတီတော်အနီး မလိခမြစ်ရေတိုက်စားမှုမှ ကာကွယ်နိုင်ရေး ၂၀၂၂-၂၀၂၃ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ကျောက်စီရေထိန်းတမံ အရှည်ပေ (၆၄၅)ပေ တည်ဆောက်ပြီးစီး အခြေ အနေများ၊ ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံကိန်းများနှင့် စပ်လျဉ်း၍ တာဝန်ရှိသူ များ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်မှာကြားကာ ရေထိန်းတမံတည်ဆောက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး သမိုင်းဝင်ကောင်းမှု လုံစေတီတော်အား ဖူးမျှော်ကြည်ညိုကာ စေတီတော်ကြီး ဘက်စုံပြုပြင် မွမ်းမံနိုင်ရေး အလှူငွေများကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်