မိုင်းပျဉ်းမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို Talk Show ဆောင်ရွက်

မိုင်းပျဉ်း ဇွန် ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို Talk Show ရိုက်ကူးဆောင်ရွက်မှုအစီအစဉ်ကို ယနေ့နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို Talk Show ဆောင်ရွက်ရာတွင် မိုင်းပျဉ်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သက်လွင်က မူးယစ်ဆေးဝါး၏ အဓိပ္ပါယ်နှင့်အမျိုးအစားများ၊ မူးယစ်ဆေးဝါးအန္တရာယ်၊ ဘိန်းဖြူသုံးစွဲခြင်းနှင့် မသုံးစွဲရခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သောဆိုးကျိုးများ၊ ဆေးခြောက်သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သောဆိုးကျိုးများ၊ စိတ်ကြွဆေးပြားများ သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ရေတို၊ ရေရှည်ဆိုးကျိုးများနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ ကြောင်း သိရသည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး နေ့အထိမ်းအမှတ်အကြို Talk Show ရိုက်ကူးလွှင့်တင် ဆောင်ရွက်မှုအစီအစဉ်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူမှုကွန်ယက် စာမျက်နှာတွင် လွှင့်တင်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ရန်နောင်ထွန်း(ပြန်/ဆက်)