အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ပြုလုပ်

အမရပူရ ဇွန် ၁၉

 မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု Community Centre ခန်းမတွင် ယမန်နေ့ နံနက် ၁၁ နာရီက ပညာရေးဌာနနှင့် ပူးပေါင်းပြီး အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ဦးစီးအရာရှိ ဒေါ်တင်တင်လှက မူးယစ်ဆေးဝါး၏ ဆိုးကျိုးများနှင့် ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များကို ဟောပြောခဲ့ကြောင်း သိရသည်။

 အဆိုပါ နံရံကပ်စာစောင်များတွင် မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရေး၊ ရှောင်လေဝေးဝေးမူးယစ်ဆေး၊ မူးယစ်ဆေးဝါးအန္တရာယ် တိုက်ဖျက်ရေး၊ စဥ်လာဆုံးမသြဝါဒ ရှောင်ကြမူးယစ်ဆေး၊ မူးယစ်ဆေးဝါးဒို့ရှောင်ရှားနှင့် မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရေး စသည့် ခေါင်းစဥ်များဖြင့် ပြသခဲ့ရာ ကျောင်းသား၊ကျောင်းသူများက စိတ်ဝင်စားစွာ ကြည့်ရှုခဲ့ကြသည်။ ယင်းနောက် စာအုပ်စာစောင်များကို ခင်ကျင်းပြသရာ စာအုပ်စာစောင်များကိုလည်း စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။ ကျောင်းသား၊ကျောင်းသူလေးများက စာအုပ်ငှားရမ်းရမည့် နည်းလမ်းများကို မေးမြန်းခဲ့ရာ စာကြည့်တိုက်တာဝန်ခံ ဒေါ်သန္တာထွန်းက ရုံးသို့ လာရောက်၍ စာကြည့်တိုက် အသင်းဝင်ပြုလုပ်ပြီး ငှားရမ်းနိုင်ကြောင်းကို ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)