ငါ့သရောက်မြို့၌ ကလေးသူငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံ တိုက်ကျွေး

ငါ့သရောက် အောက်တိုဘာ ၉

ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့အတွင်းရှိ မွေးကင်းစမှ အသက် (၁)နှစ်ခွဲအထိကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းနှင့် ကျန်းမာရေးစစ်ဆေး ခြင်းတို့ကို ယနေ့နံနက် ၉ နာရီအချိန်က မြို့ပေါ်ရပ်ကွက် (၄)ခုနှင့် ကျေးရွာပေါင်း (၂၇)ရွာတို့တွင် သက်ဆိုင်ရာကျေးလက်ကျန်းမာရေးဌာန(ခွဲ)အလိုက် ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိကလေးငယ်များအား အသက်အရွယ်အလိုက်လစဉ် ဘီစီဂျီ၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ)-ဦးနှောက်အမှေးရောင် (ငါးမျိုးစပ်ကာ ကွယ်ဆေး)၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျော(ရိုတာ)၊ ဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း၊ ပိုလီယိုအကြောသေ ရောဂါ ကာကွယ် ဆေး တိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေး ထိုးနှံခြင်းနှင့် ကျန်းမာရေး အသိပညာ ပေးခြင်း များ ဆောင်ရွက်ကြသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရာတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရန်နှင့် လူစုလူဝေးမဖြစ်ပေါ်စေရေး အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖေလိန်း(ပုဂံ)