မိုင်းခတ် ဇွန် ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့၌ ၂၀၂၃ ခုနှစ်ဇွန်လ(၂၆) ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် (၈)နာရီ အချိန်က အခြေခံပညာကျောင်းမှ ကျောင်းသား၊ ကျောင်းသူများသို့ အခမဲ့လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင် ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များ၊ မူးယစ်ဆေးသုံးစွဲရခြင်းအကြောင်းအရင်း၊ အမျိုးသားမူးယစ် ဆေးဝါးထိန်းချုပ်ရေးမူဝါဒ၊ "မူးယစ်ဆေးဝါးအန္တရာယ် အမျိုးသားရေးအသွင် တိုက်ဖျက်" ခေါင်းစဉ်ပါဆောင်းပါးနှင့် "မူးယစ်ဆေးဝါးတို့ရှောင်ရှား" ကဗျာများ ထည့်သွင်းဖော်ပြထားသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)က စောင်ရေ (၂၀၀၀၀၀) အခမဲ့ထုတ်ဝေခြင်းဖြစ်ပြီး မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)