မောက်မယ်မြို့နယ်တွင်နွေနှမ်းများအောင်မြင်ဖြစ်ထွန်း

မောက်မယ် ဇွန် ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် နွေစပါးစိုက်ပျိုးမည့်အစား လယ်ထဲ၌ ရေသွင်းစိုက်ပျိုးထားသော မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဖြန့်ဖြူးပေးသည့် ဆင်းရတနာ−၁၄ နွေနှမ်းများ အသီးရင့်နေပြီဖြစ်၍ စတင်ရိတ်သိမ်းတော့မည်ဖြစ်ကာ မိုးဦးကောင်းမွန်သောကြောင့် အပင်များ အောင်မြင်ဖြစ်ထွန်းပြီး မိုးစပါးစိုက်ပျိုးချိန်အမီ စတင်ရိတ်သိမ်းတော့မည်ဖြစ်ကြောင်း တောင်သူများထံမှ သိရသည်။

မောက်မယ်မြို့နယ်မှတောင်သူများသည် ယခင်နှစ်များတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများ ပူးပေါင်းပြီး ဆင်းရတနာ−၁၄ နွေနှမ်းများ စမ်းသပ်စိုက်ပျိုးပြသခဲ့ရာ စတင်စိုက်ပျိုးချိန်မှ ရက်(၉၀)မှ ရက်(၁၀၀) အတွင်း သက်တမ်းတိုပြီး အထွက်နှုန်းကောင်းမွန်သဖြင့် ယခုနှစ်တွင် တောင်သူများ တွင်တွင်ကျယ်ကျယ် စိုက်ပျိုးခဲ့ကြသည်။

ယခင်နှစ်များက သီးနှံများတိုးချဲ့စိုက်ပျိုးမှုပုံစံတွင် လယ်မြေများ၌ မိုးကြိုနှမ်းစိုက်ပျိုးပြီးလျင် မိုးစပါးကိုလည်းကောင်း၊ ယာမြေများတွင်မိုးကြိုနှမ်းစိုက်ပျိုးပြီးလျင် ပဲတီစိမ်း(သို့)ဆောင်းပဲပုတ်သော်လည်းကောင်း စိုက်ပျိုးကြခြင်းဖြစ်ရာ မူလသီးနှံအထွက်နှုန်းတိုးတက်ရေးနှင့် သီးထပ်သီးနှံများ စိုက်ပျိုး ချိန်မီရန်အတွက် သက်တမ်းတိုပြီး အထွက်နှုန်းကောင်းမွန်သည့် ဆင်းရတနာ−၁၄နွေနှမ်းမျိုးအား တောင်သူများက ရွေးချယ်စိုက်ပျိုးကြရာ  ယခုနှစ်တွင် မိုးရွာသွန်းမှုကောင်း၍ နွေနှမ်းထွက်ရှိနှုန်းကောင်း မည်ဖြစ်ကြောင်း မောက်မယ်မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးသက်နိုင်ထံမှ သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)