ကြည့်မြင်တိုင်မြို့နယ်တွင် နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိသူများကို စစ်ဆေး အရေးယူခြင်းများ ဆောင်ရွက်

ကြည့်မြင်တိုင် အောက်တိုဘာ ၉

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ပြည်သူများ နေအိမ်ပြင်ပမှ ထွက်ခွာတိုင်း နှာခေါင်းစည်း Maskများ မပျက်မကွက်တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာကြရန်အတွက် မြို့နယ် ကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ ယမန်နေ့က လူအများစည်ကားရာ နေရာ များတွင် Mask နှာခေါင်းစည်း မတပ်ဆင်သူများကို စစ်ဆေးအရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်၊၊

ထိုသို့စစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊  မြို့နယ်မီးသတ်ဦးစီးမှူး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီရုံးမှ လက်ထောက်အုပ်ချုပ်ရေးမှူး၊  မြို့နယ်ရဲတပ်ဖွဲ့စခန်းမှဒုရဲအုပ်နှင့်အဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များတို့အဖွဲ့မှ မြို့နယ်အတွင်းရှိ စျေးများ၊ လမ်းမကြီးများ၊ ရပ်ကွက်များအတွင်း လှည့်လည် စစ်ဆေး၍ နှာခေါင်းစည်းတပ်ဆင်ခြင်း မရှိသူ (၆၄) ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်းများဆောင်ရွက်ပြီး ဒဏ်ရိုက်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်(၂၂)ရပ်ကွက်တွင် နှာခေါင်းစည်းများ တပ်ဆင်ရန် အသိပညာပေးခြင်းကို မြို့နယ်လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဝင်များမှ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။

ခိုင်ဇာလင်း  (ပြန်/ဆက်)