ကျောက်ဆည်မြို့နယ်၌ သင်းဒီးမြောင်းမှ ရေကျအဆောက်အအုံတစ်ခုအား ပြန်လည်ပြုပြင် ပေးမှုကြောင့် သီးနှံမျိုးစုံ (၁၇၂) ဧက အောင်မြင်စွာစိုက်ပျိုးနိုင်

ကျောက်ဆည် ဇွန် ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် တောင်သူများအနေဖြင့် ဆည်ရေများကို အသုံးပြုကာ စိုက်ပျိုးရေး လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တောင်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် သင်းဒီးမြောင်းမှ ရေကျအဆောက်အအုံ တစ်ခုအား ပြန်လည်ပြုပြင်ပေးမှုကြောင့် သီးနှံမျိုးစုံ (၁၇၂) ဧက အောင်မြင်စွာ စိုက်ပျိုးနိုင်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေကျအဆောက်အအုံသည် နောင်ခမ်းဆည်ရေသောက်စနစ်ဖြင့် စိုက်ပျိုးရေများ ပေးဝေနေသည့် ဆည်ရွာကျေးရွာအနီး မြောင်းအမှတ် အာဒီ (၃၉+၀၀၀) တွင်တည်ရှိပြီး မပြုပြင်သည်မှာ နှစ်ကာလကြာမြင့်ပြီ ဖြစ်သောကြောင့် ရေကျအဆောက်အအုံ၏ ရေအဝင်အထွက် မြေကာနံရံများပျက်စီးကာ မြောင်းဘောင်ရေတိုက်စားပြီး စိုက်ပျိုးရေများပေးဝေရာတွင် ရေအပြည့်အဝပေးဝေရန် ခက်ခဲလျက်ရှိသောကြောင့် ရေကျအဆောက်အအုံ ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် မန္တလေးတိုင်း ဒေသကြီး ခွင့်ပြုရန်ပုံငွေ (၁၆.၅၀၀) ကျပ်သန်း အကုန်အကျခံကာ အလျား (၈၀) ပေ၊ အကျယ် (၈) ပေ၊ အမြင့် (၄) ပေ ပြန်လည်ပြုပြင်ပေးခြင်းဖြစ်ကြောင်း သိရှိသည်။

နောင်ခမ်းဆည် ရေသောက်စနစ်၊ သင်းဒီမြောင်းမှ ရေကျအဆောက်အအုံ  ပြန်လည်ပြုပြင်ပေးမှုကြောင့် စိုက်ပျိုးရေများ ပေးဝေရာတွင် မြောင်းအဆုံးမှ မြောင်းအဖျားအထိ ရေအလေအလွင့် ဆုံးရှုံးမှုနည်းပါးစွာ သီးနှံများအောင်မြင်သည်အထိ လိုအပ်သည့်ရေပမာဏပြည့်ဝစွာ ပေးဝေနိုင်မည်ဖြစ်ပြီး ဒေသခံ တောင်သူများ၏ လူမှုဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရှိရသည်။

သက်မောင်