မိုးကုတ်မြို့နယ် ပရဟိတမိဘမဲ့ဂေဟာများသို့ အာဟာရ နို့တိုက်ကျွေးခြင်းနှင့် Maskများ ဖြန့်ဝေ

မိုးကုတ်၊ အောက်တိုဘာ

မိုးကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ် အမျိုးသမီးကော်မတီတို့ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက ပရဟိတမိဘမဲ့ကလေးဂေဟာများတွင် အာဟာရနို့ တိုက်ကျွေးခဲ့ကြပြီး maskများ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရသည်။                                        

မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးလှမိုးဦးက "၁၀ နှစ်အောက်ကလေးငယ်များ အာဟာရပြည့်ဝစေရန် နို့တိုက်ကျွေးခြင်းဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးနဲ့ မြန်မာနိုင်ငံဒေသအနှံ့အပြားမှာ ကူးစက်ပျံ့နှံ့နေသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရန် mask ကို စနစ်တကျ တပ်ဆင်ကြရမည်ဖြစ်ကြောင်း၊ တစဦးနှင့်တစ်ဦး သုံးပေအကွာမှသာ ပြောဆိုနေထိုင်ကြရမည်ဖြစ်ကြောင်း၊ အရာဝတ္ထုများကို ကိုင်တွယ်ပြီးတိုင်း စနစ်တကျ လက်ဆေးရန်လိုအပ်ကြောင်း"ပြောကြားခဲ့သည်။ 

ဆက်လက်၍ တက်ရောက်လာကြသော ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များမှ  ၁၀နှစ်အောက်ကလေးငယ်များအား အာဟာရနို့ဗူးများ ဝေငှပေးခဲ့ကြပြီး ​ ဂေဟာရှိ ဆရာ/ဆရာမများနှင့် ကလေးများအား mask များ ဖြန့်ဝေပေးခဲ့ကြသည်။

မိုးကုတ်မြို့ ရေပူရပ်ရှိ ရတနာသိဒ္ဓိဂေဟာနှင့် ဘုရားသုံးဆူရပ်ရှိ မေတ္တာရင်ခွင်ဂေဟာများမှ ၁၀နှစ်အောက်ကလေး (၆၀) ခန့်အား အာဟာရနို့တိုက်ကျွေးခဲ့ကြပြီး အဆိုပါဂေဟာများရှိ ဆရာ၊ ဆရာမနှင့် ကလေးပေါင်း (၂၀၀)ကျော်တို့အား maskများ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရသည်။

ဖြိုးမမ(မိုးကုတ်)