သာကေတ ဇွန် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် ဂီတအစည်းအရုံးမှဦးဆောင်၍ ဇွန်လ(၂၇)ရက်နေ့တွင်ကျရောက်မည့် မြန်မာဂီတနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “တေးဂီတဖြင့် ဂုဏ်ပြုကြိုဆိုခြင်း” အခမ်းအနားကို ယနေ့ နေ့လယ်(၁:၀၀)နာရီ၌ New Lighter မင်္ဂလာခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြန်မာဂီတနေ့ ကိုကြိုဆိုဂုဏ်ပြုသည့်အခမ်းအနား အားမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် (၂) ဦးညွှန့်ဝေ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဝင်း၊ ဂီတအစည်းအရုံးမှ တာဝန်ရှိသူများမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး သာကေတမြို့နယ် ဂီတအစည်းအရုံး နာယကတေးသံရှင် ကျောက်ပန်းတောင်း ကျော်လွင်မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)မှ “မြန်မာ့ဂီတနေ့”အတွက်ပေးပို့သည့်သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဝင်(၂)ဦးညွှန့်ဝေမှ ဖတ်ကြားခဲ့ပြီး သာကေတမြို့နယ် ဂီတအစည်းအရုံးမှ အတွင်းရေးမှူးတေးသံရှင် လွမ်းအောင်မှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။
မြန်မာဂီတနေ့ကို ကြိုဆိုဂုဏ်ပြုကျင်းပသည့် အခမ်းအနားကို တက်ရောက်ချီးမြှင့်ကြသော အနုပညာရှင် တေးသံရှင်များမှ တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကာအခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ ဆက်)