မြစ်ကြီးနား ဇွန် ၁၈
၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့ ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ဇွန်လ ၁၈ ရက် နံနက် ၉ နာရီက ကျင်းပသည်။
အဆိုပါ ပြိုင်ပွဲများကို လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ကျပန်း စကားပြောပြိုင်ပွဲကို လည်းကောင်း၊ ပြည်သူ့စာကြည့်တိုက်ခန်းတွင် ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲကို လည်းကောင်း၊ ကလေးစာဖတ်ခန်းတွင် မူးယစ်ဆေးဝါးပျက်သုဉ်းဖို့ တူယှဉ်ကာတွဲ တိုက်ထုတ်စို့ ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲကိုလည်းကောင်း ကျင်းပခဲ့ရာ မြစ်ကြီးနားမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၅၈) ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့သည်။
ထို့နောက် လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားအား ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြစ်ကြီးနား ခရိုင်ဦးစီးမှူး ဦးကျော်ထက်က အဆိုပါပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲ ကျင်းပရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ကချင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ စာရေးဆရာ အကြီးကိုကို (ကသာ) က အမှတ်ပေးစည်းမျဉ်း စည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ကျပန်းစကားပြောပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲတို့တွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆုရရှိသည့် ကျောင်းသား/ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးလှဌေးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုတံဆိပ်များနှင့် အမှတ်တရ ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ခရိုင်(ပြန်/ဆက်)