မိုခါမုန်တိုင်းသဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်ရေး လေးပွင့်ဆိုင် ရန်ပုံငွေဘောလုံးပြိုင်ပွဲနှင့် အလှူငွေပေးအပ်ပွဲကျင်းပ

တာမွေ ဇွန် ၁

မိုခါမုန်တိုင်းသဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သောဒေသများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် တစ်စိတ်တစ်ပိုင်း ပါဝင်ကူညီနိုင်ရန်အတွက် အနုပညာရှင်များ၊ အတတ်ပညာရှင်များ၊ နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့ လက်ရွေးစင်အားကစားသမားဟောင်းများ ပူးပေါင်း၍ လေးပွင့်ဆိုင် ရန်ပုံငွေဘောလုံးပြိုင်ပွဲနှင့် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို မန်နေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏအားကစားကွင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းမြင့်ခိုင်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ  ဦးလွင်မြင့်၊ အနုပညာရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဧည့်ပရိသတ်များနှင့် ဘောလုံးဝါဿနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ရှေးဦးစွာ ရန်ပုံငွေဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲမစတင်မီ ပါဝင်ယှဉ်ပြိုင်ကြမည့် FOREVER FC ဘောလုံး အသင်းနှင့် ညွန့်ပေါင်းဘောလုံးအသင်း(OLD STAR FC)တို့မှ နှစ်ဖက်အသင်းသားများအား မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ  ဦးလွင်မြင့်တို့က ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ အနုပညာရှင်များက ပန်းစည်းများပေးအပ်ကြသည်။ ဆက်လက်၍ တတိယနေရာလုပွဲကို ယှဉ်ပြိုင်ကစားကြရာ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့ပြီး ပယ်နယ်တီအဆုံးအဖြတ် ရယူရာ ညွန့်ပေါင်းဘောလုံးအသင်း(OLD STAR FC)က ငါးဂိုး-လေးဂိုးဖြင့် FOREVER FC ဘောလုံးအသင်းကို အနိုင်ရရှိခဲ့သည်။ ယင်းနောက် ဗိုလ်လုပွဲကိုကျင်းပရာ ပြိုင်ပွဲမစတင်မီ ပါဝင်ယှဉ်ပြိုင်ကြမည့် ရုပ်ရှင်ဘောလုံးအသင်း(MOVIE FC)နှင့် ဂီတဘောလုံးအသင်း (MUSIC FC)တို့မှ နှစ်ဖက်အသင်းသားများအား မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ  ဦးလွင်မြင့်နှင့် ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးနေလင်းဦးတို့က ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ အနုပညာရှင်များက ပန်းစည်းများပေးအပ်ကြသည်။ ဆက်လက်၍ ဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားကြရာ ဂီတဘောလုံးအသင်း (MUSIC FC)က နှစ်ဂိုး-တစ်ဂိုးဖြင့် ရုပ်ရှင်ဘောလုံးအသင်း(MOVIE FC)ကို အနိုင်ရရှိခဲ့သည်။

ထို့နောက် အလှူငွေပေးအပ်ပွဲကိုကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ်သိန်း (၃၀၀)နှင့် စီးပွားရေးလုပ်ငန်းရှင်များက ငွေကျပ်သိန်း(၂၅၀)ကို ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ ဆက်လက်၍ အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းရာ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ  ဦးလွင်မြင့်နှင့် ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးနေလင်းဦးတို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ယင်းနောက် ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ အသန့်ရှင်းဆုံးဆုရရှိသည့် FOREVER FC ဘောလုံးအသင်းနှင့် တတိယဆုရရှိသည့် ညွန့်ပေါင်းဘောလုံးအသင်း(OLD STAR FC)တို့ကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းကလည်းကောင်း၊ ဂိုးသွင်းအများဆုံးဆုရရှိသည့် ဂီတဘောလုံးအသင်း (MUSIC FC)မှ ကျောနံပါတ် (၁၃)အာကာကို မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ  ဦးလွင်မြင့်ကလည်းကောင်း၊ ဒုတိယဆုရရှိသည့် ရုပ်ရှင်ဘောလုံးအသင်း(MOVIE FC)ကို ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်ကလည်းကောင်း ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပထမဆုရရှိသည့် ဂီတဘောလုံးအသင်း(MUSIC FC)အသင်းကို ဆုဖလားနှင့် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြိုင်ပွဲဝင် အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ဘောလုံးပွဲမစတင်မီနှင့် ခေတ္တရပ်နားချိန်အတွင်း နိုင်ငံကျော်အဆိုတော်များဖြစ်ကြသည့် အိမ့်ချစ်၊ ချယ်ရီသင်း၊ ဂျင်းနီ၊ အစ္စဏီ၊ ရာဝန၊ ICE COLD၊ မိဖူး၊ နေလင်းကျော်၊ ဆိုတေး၊ Dဖြိုး၊ ဟန်သီနှင့် မီနိုတို့က တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ပြိုင်ပွဲသို့ လာရောက်အားပေးကြသည့် ဧည့်ပရိသတ်များက မိုခါမုန်တိုင်းဒဏ်သင့်ဒေသ များပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အလှူငွေများ ထည့်ဝင်လှူဒါန်းကြသည်။ အဆိုပါ လေးပွင့်ဆိုင် ရန်ပုံငွေ ‌ဘောလုံးပြိုင်ပွဲမှရရှိသော အလှူငွေ ကိုးရာငါးဆယ့်ငါးသိန်းငါးသောင်းအား မိုခါမုန်တိုင်းဒဏ်သင့်ဒေသများပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(ပြန်/ ဆက်)