ကျောက်မဲမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ကျောက်မဲ ဇွန် ၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ မန်နားရပ်ကွက်၊ စိန်ကျောက်တောင် ဘုရားတောင်ကုန်း၌ ဇွန်လ ၁၇ရက်နေ့က မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခဲ့သည်။

အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို သစ်တောဦးစီးဌာနက ဦးဆောင်မှုဖြင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်မြင့်ဦး၊ စစ်ဦးစီးမှူး ပထမတန်း ဒုတိယဗိုလ်မှူးကြီး လွင်ဘုန်းအောင်၊   ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်းအင်အား (၁၅၀) ဦး တက်ရောက် ခဲ့ကြသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ သစ်တောဦးစီးဌာန ကျောက်မဲခရိုင်ဦးစီးမှူး ဦးမောင်မောင်နိုင်နှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုရေး အသင်းအဖွဲ့များအား ပျိုးပင်များဖြန့်ဝေပေးခဲ့ပြီး အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် မဟော်ဂနီ ၁၇၀၊ ခါတော်မှီ ၁၀၀၊ ချယ်ရီ ၁၀၀၊ မယ်ဇလီ ၁၀၀၊ ကျွန်း ၅၀ စုစုပေါင်းပျိုးပင် (၅၂၀) ပင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

မိုင်းထွန်း