မြောက်ဦး ဇွန် ၁၈
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအား အာဟာရ ထောက်ပံ့ပေးအပ်ခြင်းနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယမန်နေ့က ထမ္မရာဇ်ရပ်ကွက် ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌဒေါက်တာစန်းစန်းမြင့်အောင်က အဖွင့်အမှာစကားပြောကြားပြီး မြောက်ဦးမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဦးစီးအရာရှိဒေါ်မင်းမင်းစိုးက ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအား အာဟာရမျှတစွာ စားသုံးနေထိုင်ခြင်း နည်းလမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များကို အာဟာရနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြပြီး တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပါရဂူများ၊ အထွေထွေရောဂါကုဆရာဝန်များ၊ တပ်မတော် သူနာပြုများ၏ ကျန်းမာရေး စောင့်ရှောက်ပေးနေမှု များကို ကြည့်ရှုအားပေးခဲ့၍ လိုအပ်သည်များကို မှာကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးစိုးစိုးသက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များ တက်ရောက်ခဲ့ကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌဒေါက်တာ စန်းစန်းမြင့် အောင်နှင့်အဖွဲ့သည် မြောက်ဦးမြို့ရှိ ရှေးဟောင်းအမွေအနှစ်ဖြစ်သော သျှစ်သောင်း ပုထိုးတော်ကြီး၊ ကိုးသောင်းပုထိုးတော်ကြီး၊ သကျမာရ်အောင်၊ လောကမာန်အောင် ဘုရားများသို့ ဖူးမျော်ကြည်ညိုခဲ့ကြပြီး ပန်းရေချမ်းအိုးနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြင့်စိုး