နောင်ချိုမြို့နယ် အ.ထ.က-၁တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) အသိပညာပေး ဟောပြာပွဲပြုလုပ်ဆောင်ရွက်

နောင်ချို ဇွန် ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း MANAနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး‌နေ့ အထိမ်းအမှတ်(အကြို) အသိပညာပေး ဟောပြောပွဲ၊ ဓာတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့်ရရှိလာမည့် ဆိုးကျိုးများအကြောင်းကိုလည်းကောင်း၊ မြို့နယ်မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်းနောင်ချိုရိပ်မွန် စီမံချက်မန်နေဂျာ ဒေါက်တာ ဝေဖြိုးမောင်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ဖြစ်ပေါ်လာပုံများ၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ မူးယစ်ဆေးဝါးအမျိုးအစားများအကြောင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲရခြင်း၏ အဓိက အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့်ဖြစ်ပေါ်နိုင်သည့် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်းရာ ဆိုးကျိုးများအကြောင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် နောက်ဆက်တွဲ ရောဂါဖြစ်သည့် (HIV/AIDS) ရောဂါအကြောင်းများကို အသီးသီးအသိပညာပေး ဟောပြောခဲ့ကြပြီး ကျောင်းအုပ်ဆရာကြီးဦးကျော်ဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့  အထိမ်းအမှတ်အဖြစ် ပြသထားသည့် ဓာတ်ပုံပြပွဲနှင့် နံရံကပ် စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်းနှင့်ဟောပြောပွဲသို့ အလယ်တန်းအဆင့်ကျောင်းသား၊ကျောင်းသူ ၂၅၀ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ထွေးငယ်(ပြန်/ ဆက်)