လားရှိုးမြို့တွင် ပန်းဈေးကွက်ချဲ့ထွင်နိုင်ရေး ဂန္ဓမာပန်းနှင့် နှင်းဆီပန်းစိုက်ပျိုးသူ များလာ

လားရှိုး ဇွန် ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်အတွင်း ပန်းပင်ရောင်းချမှု ဈေးကွက်ချဲ့ထွင်နိုင်ရေးအတွက် ကျယ်ဝန်းသော မြေကွက်လပ်များတွင် ပန်းပင်စိုက်ပျိုးသူများလာကြောင်း သိရသည်။

ယခင်က လားရှိုးမြို့နယ်တွင် ပန်းအသုံးပြုမှုအတွက် ပြင်ဦးလွင်မြို့မှသာ ဝယ်ယူရောင်းချနေကြရပြီး လားရှိုးဒေသထွက် ပန်းပင်မှာ အနည်းငယ်သာရှိကြောင်း သိရသည်။

“အဓိကတော့ လားရှိုးမှာ ပန်းဈေးကွက်က  ပြင်ဦးလွင်ကနေဝယ်ပြီး ရောင်းနေကြရတာ များတယ်။ ဒီတော့ တင်ပို့စရိတ်တွေနဲ့တွက်ရင် လားရှိုးမှာပန်းပင်က ဈေးများတယ်။ ကျွန်တော်တို့ လားရှိုးမှာလည်း ပန်းပင်တွေကို တကယ်တမ်း စမ်းစိုက်ကြည့်တဲ့အခါ ဖြစ်ထွန်းအောင်မြင်တာ တွေ့ရတယ်။ ဒါကြောင့် ကျွန်တော်ရဲ့ ခြံထဲမှာ ဂန္ဓမာပန်းနဲ့ နှင်းဆီပန်းတွေကို စိုက်ပျိုးပြီးရောင်းချတယ်” ဟု လားရှိုးမြို့နယ်အတွင်း ပန်းစိုက်ပျိုးရောင်းချသူတစ်ဦးက ဆိုသည်။

လားရှိုးမြို့တွင် ဂန္ဓမာပန်းနှင့် နှင်းဆီပန်း ဆယ်ပွင့်လျှင် နှစ်ထောင့်ငါးရာဈေးထိရှိနေပြီး ပန်းဈေးကွက်အတွင်းရှိ ရှစ်ဆယ်ရာခိုင်နှုန်းခန့်မှာ ပြင်ဦးလွင်မြို့မှ တင်ပို့ရောင်းချရခြင်းဖြစ်ကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)