ပင်းတယ ဇွန် ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်လုံးဆိုင်ရာ (၆၉)ကြိမ်မြောက် သာသနဟိတ ပရိယတ္တိ စာပြန်ပွဲတော်နှင့် (၆၇)ကြိမ်မြောက် စာဖြေပွဲတော်ကြီး ဆုနှင်းသဘင်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်ဓမ္မာရုံအတွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒေသအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များနှင့် ဗုဒ္ဓဘာသာဝင် အလှူရှင်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ နာယကဥက္ကဋ္ဌဆရာတော်ကြီးများ၊ အကျိုးတော်ဆောင်ဆရာတော်များ၊ စာပြန်/ စာဖြေပွဲတော်ကြီး၌ အောင်စဉ်နံပတ်(၁)ဖြင့် ပထမဆုရ အောင်မြင်တော်မှုကြသည့် အထူးအောင်သံဃာတော်များကို မြို့နယ်ဓမ္မာရုံကြီးအတွင်းသို့ ပင့်ဆောင်၍ အခမ်းအနားသို့ တက်ရောက်လာသူများက နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဆုနှင်းသဘင်အခမ်း အနားကိုဖွင့်လှစ်ခဲ့ကြပြီး တက်ရောက်လာသူများက ရတနာမြတ်သုံးပါးအား ကန်တော့၍ ရွှေဘုံသာကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်တို့က မေတ္တာသုတ်ပရိတ်တရားတော်ကို ချီးမြှင့်တော်မှုကြသည်။
ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက သာသနာရေးဆိုင်ရာများကို လျှောက်ထားပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့မှ စာအောင်ဆုအတွက် အလှူငွေကျပ်(၁၀)သိန်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ဇနီးဒေါ်ခင်စန္ဒာစိုး၊ သားမောင်ဟိန်းသူရလင်း မိသားစုမှ ဆွမ်းခဲဖွယ်အတွက် အလှူငွေကျပ် (၃)သိန်းတို့ကို ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက ပေးအပ်လှူဒါန်းခဲ့ရာ စာပြန်/ စာဖြေပွဲတော်ဥက္ကဋ္ဌမှ လက်ခံရယူခဲ့သည်။
ဆက်လက်၍ ရန်ကုန်မြို့၊ FMI CITY နေဦးလှဦးနှင့်ဇနီး ဒေါ်လှလှမြင့် မိသားစုမှအလှူငွေကျပ် (၄၀)သိန်းကို လည်းကောင်း၊ မန္တလေးမြို့၊ ဆိုင်းတန်းရပ်နေ ဦးကြူနှင့်ဇနီးဒေါ်လှကေသီခင် မိသားစုမှ အလှူငွေကျပ် (၁၀)သိန်းကိုလည်းကောင်း အသီးသီပေးအပ်လှူဒါန်းခဲ့ကြရာ စာပြန်/စာဖြေဥက္ကဋ္ဌမှ လက်ခံရယူခဲ့ပြီး ရွှေဘုံသာကျောင်း ဆရာတော်က တရားချီးမြှင့်တော်မှု၍ အလှူရှင်များက ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။ ထို့နောက် အာဂုမ်ပြန် သံဃာတော်များနှင့် ရေးဖြေအောင်မြင်တော်မှုကြကုန်သော သံဃာတော်များကို ဓမ္မာရုံအတွင်းသို့ ပင့်ဆောင်တော်မှု၍ အာဂုမ်အောင်လက်မှတ်များနှင့် ရေးဖြအောင်လက်မှတ်များကို တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများက ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ဆုနှင်းသဘင်အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ ဆက်)