တပ်ကုန်း ဇွန် ၁၈
ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ ပူးပေါင်းကာ မြို့နယ်အတွင်းရှိ စာဖတ်ဝါသနာပါသူများနှင့်အတူ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပလျက်ရှိရာ စာရေးဆရာမ ခင်လေး (ပြည်ထောင်စုနယ်မြေ) ရေးသားထားသည့် “စွဲထင်ကျန်ရစ်အမှတ်တရဖြစ်စေ” စာအုပ်ကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။
အဆိုပါစာဖတ်ပိုင်းတွင် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကြည် (မောင်ကြည်မူ-ပျဉ်းမနား)၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးသိန်းဝင်းမြင့် (မြကျောက်အေးချမ်း)၊ ဦးမျိုးမြင့် (မျိုးမြင့်-မြန်မာစာ)၊ ဒေါ်သင်းသင်းလှိုင် (သင်းသင်းလှိုင်-တပ်ကုန်း) စာရေးဆရာမ ခင်လေး(ပြည်ထောင်စုနယ်မြေ)တို့က စာပေဝါသနာပါသူများနှင့်အတူ လုံမှပျို၊ အသိုက်ဖျက်တဲ့သူ၊ တန်ပြန်သက်ရောက်မှုရှိသည်၊ ဆုတောင်းမှားကြသူများ၊ မေတ္တာစာ၊ မေတ္တာစေကျွန် ခေါင်းစဉ်များနှင့် အခြားဗဟုသုတများ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တပ်ကုန်းမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် Online မှ တစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် စာဖတ်ဝိုင်းများကိုလည်း လစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
တင်စိုးလွင်(ပြန်/ဆက်)