သပိတ်ကျင်း အောက်တိုဘာလ ၉
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် ပိုးဇာနွယ်ကျေးရွာ၌ မိုးရာသီကာလတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက ဖုံး၊သွန်၊လဲ၊စစ်နှင့်အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သပိတ်ကျင်းမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများ ကျန်းမာရေးဗဟုသုတရရှိစေပြီး လိုက်နာဆောင်ရွက်နိုင်ရန် အသိပညာပေး လုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဆေးဘက်ကျွမ်း ကျင်-၃ ဦးစိုးသိန်းနှင့် ဝါးဖြူတောင်ကျေးရွာ ကျေးလက် ကျန်းမာရေး ဌာနခွဲ၊ (၇)မိုင်ကျေးရွာ ကျေးလက် ကျန်းမာရေးဌာနခွဲမှ ဆရာမများနှင့်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ ဒုတိယတပ်ဖွဲ့မှူး ဒေါ်ဝါဝါထွန်းနှင့်တပ်ဖွဲ့ဝင်တို့သည် ပိုးဇာနွယ်ကျေးရွာသို့ ကွင်းဆင်းသွားရောက်ပြီး သွေးလွန်တုပ်ကွေး ရော ဂါမဖြစ်ပွားစေရေးအတွက် ပိုးလောက်လန်းခိုအောင်းနိုင်သော ရေဆိုး/ရေညစ်များ၊ ရေလှောင်ကန်များ၊ ရေအိုး၊ ရေခွက်များအား ရေဟောင်းများအသစ်လဲလှယ်ခြင်း၊ ဖုံး၊သွန်၊လဲ၊စစ် စနစ်ဖြင့် ခြင်များမပေါက်ဖွားစေရေးအတွက် ကျန်းမာရေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး၊ အများသုံး ရေတွင်း၊ ရေကန်းများ ရေလှောင်ကန်များကို အဘိတ် ဆေးခတ်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သပိတ်ကျင်းမြို့နယ်အတွင်း သွေးလွန်တုပ်ကွေရောဂါမဖြစ်ပွားစေရေးအတွက် ကျန်းမာရေးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ကျန်းမာရေးအသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စိုးနိုင်ဝင်း(ပြန်/ဆက်)