သာကေတမြို့နယ် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့မှ ရေးသူ၊ ဖတ်သူ  ဆွေးနွေးခြင်း စာဖတ်ဝိုင်းပြုလုပ်

သာကေတ ဇွန် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့မှယနေ့နံနက်(၁၀:၀၀)နာရီတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်ခန်းမတွင် ရေးသူ၊ ဖတ်သူ သုတ/ရသ စာပေ ဆွေးနွေးခြင်း စာဖတ်ဝိုင်း ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ၊ ဒေါ်ဆောင်းနှင်းဖြူမှ စာပေကဏ္ဍတိုးတက်ရေး လစဥ်မပြတ် ဆောင်ရွက်သည့် စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက် ကိုပြောကြားခဲ့ပြီး မြို့နယ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌ ဒေါက်တာ သန်းထိုက်မှ မုဒိတာစကားကို ဆက်လက်ပြောကြားခဲ့သည်။

ထို့နောက်မြို့နယ်စာပေချစ်မြတ်နိုးသူများအသင်း(Book Club) ဒုဥက္ကဋ္ဌ ဒေါ်နန်းဟင်းပြင်း ရေးသားသည့် ရသဝတ္ထုတိုများစုစည်းမှု “ကုမုဒြာကောက်ကြောင်း” စာအုပ်၌ ပါဝင်ရေးသားထားသည့် ဝတ္တုတို (၁၂)ပုဒ်၏ သုတရသရောယှက်ကာ ခံစားရေးသားချက်၊ စာဖတ်ပရိတ်အား မြင်စေလိုသည့်ရှုထောင့်၊ တွေ့စေလိုသည့် မြင်ကွင်းစသည့်ရသနှင့် ဒဿန ရောယှက်ကာ ရေးသားဖွဲ့နွဲ့ထားသည့် အကြောင်းအရာများ၊ ဇာတ်အိမ်တည်ဆောက်ပုံများကို ကဏ္ဍအလိုက်ဆွေးနွေးခဲ့ကာ မြို့နယ်စာပေချစ်မြတ်နိုးသူများ(Book Club)အဖွဲ့ဝင်များနှင့် စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များက “ကုမုဒြာကောက်ကြောင်း” စာအုပ်အပေါ် ခံစားရှု့မြင်သည့် သုတရသရောယှက်ကာ ခံစားရသည့်အမြင်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ ထို့နောက်စာရေးသူ နန်းဟင်းပြင်းမှ စာပေနယ်ပယ် သို့ဝင်ရောက်ပြီး စာပေကဏ္ဍနှင့် ထိတွေ့ရင်းနှီးကျွမ်းဝင်လာပုံများ၊ မျိုးဆက်သစ်လူငယ်များကို စာမဖတ်သူပ ပျောက်ရေး ဆောင်ပုဒ်နှင့်အညီ စာပေကဏ္ဍနှင့် ရင်းနှီးကျွမ်းဝင်စေခြင်းကို အဓိကထား၍ သုတ/ ရသ စာပေများ ရေးသား၍ မြို့နယ်စာဖတ်ဝိုင်းကို ဆက်လက်ဖော် ဆောင်မည်ဖြစ်ကြောင်း ပြောကြားကာ ရေးသူ၊ ဖတ်သူ ဆွေးနွေးခြင်း စာဖတ်ဝိုင်းကို ရုတ်သိမ်းခဲ့ကြောင်းသိရှိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)