ငါ့သရောက်မြို့၌ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ Mask Campaign ပြုလုပ်

ငါ့သရောက် အောက်တိုဘာ ၉

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးနိုင်ရေး၊ ပြည်သူများ နှာခေါင်းစည်းတပ်ဆင် အသုံးပြုကြ ရေးအတွက် မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဦးဆောင်သည့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ Mask Campaign ပြုလုပ်ခြင်း ကို ယနေ့နံနက်ပိုင်းက မြို့အဝင်လမ်းနှင့် လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ Mask Campaign ပြုလုပ်ရာတွင် ငါ့သရောမြို့အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်း ဦးဆောင်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက လှုပ်ရှားသွားလာနေကြသော ပြည်သူများအား နေအိမ်ပြင်ပသို့ ထွက်ခွာ တိုင်းနှာခေါင်းစည်းများ စနစ်တကျအသုံးပြုရေး ပညာပေးပြောကြားခြင်း၊ နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန၏ အမိန့်၊ ညွှန်ကြားချက်နှင့် ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို ထပ်ဆင့်အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ကြသည်။

အဆိုပါ Mask Campaign ပြုလုပ်ခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းများနှင့်အညီ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဖေလိန်း(ပုဂံ)