သင်္ဃန်းကျွန်း ဇွန် ၁၇
ပြည်သူများ စာဖတ်ရှိန်မြင့်မားပြီး စာဖတ်ခြင်းအလေ့အထ ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ ၁၉၉၁ ခုနှစ်ထဲတွင် ဖွင့်လှစ်ထားသော စိတ်အာဟာရ စာကြည့်တိုက်၏ (၃၂)နှစ်ပြည့် အခမ်းအနားကို ယနေ့နံနက် (၉)နာရီက သင်္ဃန်းကျွန်းမြို့နယ် ဆ/က ရပ်ကွက်ရှိ သဟပုညကာရီ ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် သင်္ဃန်းကျွန်းမြို့နယ် စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး ဒေါ်ဝါဝါဝင်းမြိုင်မှ မုဒိတာစကားပြောကြားပြီး စိတ်အာဟာရစာကြည့်တိုက်ဥက္ကဋ္ဌ ဒေါ်အေးအေးစိုးမှ အမှာစကားပြောကြားပြီး အလှူရှင်များအား တာဝန်ရှိသူများက ဂုဏ်ပြု မှတ်တမ်းများပေးအပ်ခဲ့သည်။ ထို့နောက် Online ဆေးရောင်ခြည်ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသားကျောင်းသူလေးများအား ဆုများချီးမြှင့်ခဲ့ပြီး ထွေးဦးမြန်မာရုပ်သေးအဖွဲ့မှ ရုပ်သေး အကများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။
စိတ်အာဟာရ စာကြည့်တိုက်အား ၁၉၉၁ ဇွန်လတွင် စတင်တည်ထောင်ခဲ့ကာ ကွန်ပျူတာ သင်တန်းများ၊ LCCI သင်တန်းများ၊ အင်္ဂလိပ်စကားပြောသင်တန်းများကို ဖွင့်လှစ်သင်ကြား လျက်ရှိပြီး ဆေးရောင်ခြည်ပြိုင်ပွဲများ၊ ပုံပြောပြိုင်ပွဲများကို ကျင်းပလျက်ရှိပြီး ပြည်သူများ ဗဟုသုတ ပိုမိုတိုးပွားစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ခရိုင်(ပြန်ဆက်)