ကွတ်ခိုင် ဇွန် ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ် ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်၊ ဓာတ်ပုံ၊စာအုပ်စာစောင်ပြပွဲကို အမှတ်(၂)ရပ်ကွက်၊ အ.လ.က(၃)ကျောင်းတွင် ယမန်နေ့နံနက် (၁၀) နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဆိုင်းမိုင်က အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုနှင့် ပတ်သက်၍ ဆက်လက်ဟောပြောရာတွင် မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိနိုင်သည့်စိတ်ပိုင်းဆိုင်ရာဆိုးကျိုး၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးဆိုင်ရာဆိုးကျိုးများစသည့် မူးယစ်ဆေးဝါးနှင့် ပတ်သက်သော အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးနှင့်ပတ်သက်သော အသိပညာပေးအကြောင်းအရာများ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာနှင့် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် ဗဟုသုတရဖွယ် သုတ၊ ရသစာအုပ်များကိုလည်း ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာမှတ်သားကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)