မန့်ဟီးရိုး ဇွန် ၁၇
ကျောင်းသား/သူများ စာဖတ်ရှိန် ပိုမိုတိုးတက်မြင့်မားလာစေရန်၊ ကျောင်းစာအပြင် အထွေထွေ ဗဟုသုတများ တိုးတက်မြင့်မားလာစေရေး၊ စာဖတ်ချင်စိတ် တိုးတက်လာစေရေးနှင့် စာပေနှင့် ရင်းနှီးထိတွေ့မှု များပြားလာစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/သူများနှင့် ယမန်နေ့နေ့လည် (၁:၀၀)အချိန်က စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခဲ့ပါသည်။
ရှေးဦးစွာ စာဖတ်ဝိုင်းတွင် မန့်ဟီးရိုးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဒေါ်မာမာအောင်က ယခုကဲ့သို စာဖတ်ဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများနှင့် ကျောင်းသား/သူများအား အသိပညာ ဗဟုသုတ တိုးတက်မြင့်မားရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ အသိပညာ ဗဟုသုတ တိုးပွားဖွယ် ကျန်းမာရေး သုတစာစောင်များ၊ ဝတ္ထုများ၊ မဂ္ဂဇင်းများ၊ ဆောင်းပါးများ၊ နိုင်ငံခေါင်းဆောင်းကြီးများ၏ အဆိုအမိန့်များ/ မိန့်ခွန်းကောက်နုတ်ချက်များနှင့် နေ့စဉ်ထုတ် သတင်းစားများကို အခမဲ့ ငှားရမ်းပေးလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် စာရေးဆရာ အောင်တိုး(စိန်ခြယ်) ရေးသားထားသော “တောပန်းတစ်ပွင့်ဒိုင်ယာရီ”စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသော ကျောင်းသား/သူများနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ စာအုပ်/စာစောင်များ ခင်းကျင်းပြသဆောင်ရွက်ခဲ့ပြီး ကျောင်းသား/သူများမှလည်း စိတ်ဝင်တစား ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)