မိုးနဲ ဇွန် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် သစ်တောဦးစီးဌာန၏စီစဉ်မှုဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြေရေးအတွက် မိုးရာသီ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို နားခံကျေးရွာအုပ်စု၊ ဝမ်ယေးကျေးရွာ၊ စက်တော်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနယ်မြေနေရာ၌ ယနေ့နံနက် ၈ နာရီခွဲအချိန်က ကျင်းပပြုလုပ်ရာ လင်းခေးခရိုင် သစ်တောဦးစီးဌာန ခရိုင်ဦးစီးမှူး၊ မိုးနဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မီးသတ်နှင့်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ လားဟူတိုင်းရင်းသား ယဉ်ကျေးမှု အဖွဲ့ဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ စုစုပေါင်း အင်အား ၂၅၀ ဦး တက်ရောက် ခဲ့ကြောင်း သိရသည်။
သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဖွင့်အမှာ စကားပြောကြားပြီး သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်အောင်အောင်က မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပရခြင်းနှင့် ရရှိလာမည့်အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး စိုက်ပျိုးမည့်သစ်ပင်များကို တက်ရောက်လာသော ဌာနဆိုင်ရာများ၊ လူမှူရေးအသင်းအဖွဲ့များ ၊ယဉ်ကျေးမှူအဖွဲ့များအား လင်ခေးခရိုင် သစ်တောဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအမ်ခေါဆောဝ် ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းအောင်တို့က အသီးသီးပေးအပ်ခဲ့ကြပြီး တက်ရောက်လာကြသူများက မယ်ဇလီ၊ ယူကလစ်၊ကျွန်း၊ စိန်ပန်းနီ၊ ရေတမာ(သင်္ဘောတယ်)၊ မန်ဂျန်ရှား၊ စိန်တံချူ၊ ရေသင်းဝင်စသည့် ပျိုးပင် ၆၀၀ ကို တစ်ပျော် တစ်ပါး စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)