မုံးကိုးမြို့တွင် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူထံသို့ စာအုပ်များ လက်ဝယ်အရောက် သွားရောက် ငှားရမ်းပေးခြင်းများ ဆောင်ရွက်

မုံးကိုး ဇွန် ၁၇

ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူထံသို့ စာအုပ်များ လက်ဝယ်အရောက် သွားရောက် ငှားရမ်းပေးခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ မုံးကိုးမြို့ ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့နံနက်(၉)နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် စာဖတ်ပရိတ်သတ်များအတွက်   အလွယ်တကူ စာအုပ်ကို ဖတ်ရှုနိုင်ရန် ရပ်ကွက်အတွင်းသို့ ယခုလတွင် သုတ၊ ရသ စာအုပ်များအပြင် မဂ္ဂဇင်း၊ ရုပ်ပြများကို  ငှားရမ်းပေးခဲ့သည်။ ထိုသို့ ငှားရမ်းပေးရခြင်းမှာ စာပေတန်ဖိုးကို ချစ်မြတ်နိုးတတ်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်း၊ ကလေးများ စာဖတ်မှုကို စိတ်ဝင်စားလာစေရန် ရည်ရွယ်၍ သွားရောက် ငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ရပ်ကွက်အတွင်းရှိ ကလေးလူငယ်လူကြီးမရွေး စာပေဖတ်ရှုနိုင်ရန်အတွက် သွားရောက်သောအခါ ရပ်ကွက်သူ ရပ်ကွက်သားများက ဝမ်းမြောက်စွာ လက်ခံပြီးနောက် လများတွင်လည်း လာရောက်နိုင်ရန် ဖိတ်ခေါ်ကြောင်း သိရသည်။

ထို့နောက် ယခုလက ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို နောက်လတွင် ပြန်လည်သိမ်းဆည်းမည်ဖြစ်သည်။ မုံးကိုးမြို့ ပြန်/ဆက် ဝန်ထမ်းများက လစဉ် စျေးနှင့်ရပ်ကွက်များသို့ အလှည့်ကျ သွားရောက် ငှားရမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မေစံပယ်ဖူး(မုံးကိုး)