မြစ်ကြီးနား ဇွန် ၁၇
ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ ပြည်နယ်၏ မြို့တော်သန့်ရှင်းသာယာလှပရေးနှင့် မြို့အင်္ဂါရပ်နှင့်အညီ ခေတ်မီပြီး စနစ်ကျသည့် မြို့ပြစနစ်တစ်ခုဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီခွဲက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် မြို့တွင်းမိန်းလမ်းများနှင့် အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက မြစ်ကြီးနားမြို့ သီတာရပ်ကွက်အတွင်းရှိ ဘုရင်နောင်လမ်းမ တစ်လျှောက် လမ်းဘေးဝဲ/ယာများတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အရာထမ်း/ အမှုထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များ ပူးပေါင်း၍ သစ်ပင်ခြုံနွယ်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက်များ ကောက်ယူခြင်း၊ ရေမြောင်းများအတွင်း ရှင်းလင်းဆောင်ရွက်ခြင်းများကို အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် သီတာရပ်ကွက်၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းနှင့် တပ်ကုန်းရပ်ကွက် ရပ်ကွက်အတွင်းရှိ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာအဖွဲ့အစည်းများ စုပေါင်း၍ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အလင်းရောင်ကောင်းစွာရရှိရေး အပင်ကြီးများမှ အကိုင်းအခက်များ ခုတ်ခြင်း၊ ပလပ်စတစ်အမှိုက် များကောက်ယူခြင်းနှင့်ရေကန်၊ ရေမြောင်းများဆယ်ယူရှင်းလင်းခြင်းလုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့သည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့နံနက် ၇ နာရီကလည်း ပြည်နယ် သယံဇာတ ရေးရာဝန်ကြီး၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးတို့နှင့်အတူ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အရာထမ်း/ အမှုထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် သီတာလမ်းသွယ် (၁) လမ်းဘေးဝဲ/ယာတစ်လျှောက် ပလပ်စတစ်အမှိုက်များ ကောက်ယူခြင်း၊ သစ်ပင်ခြုံနွယ်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေးအမှိုက်များ ရှင်းလင်းဆောင်ရွက်ခြင်းတို့ ကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ပြည်နယ်ပြန်/ဆက်