နမ့်စန်တွင် အသက် ၈၀ နှင့် ၈၅ နှစ်အကြား သက်ကြီးဘိုးဘွားများကို ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်အရ ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်

နမ့်စန်(တ)   အောက်တိုဘာ    ၉

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ အသက် ၈၀ ပြည့်ပြီး ၈၅ နှစ်မပြည့်သေးသော သက်ကြီးဘိုးဘွားများအတွက် ထောက်ပံ့ပေးအပ်သော ထောက်ပံ့ငွေများကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်မှ တာဝန်ရှိသူများက ဘိုးဘွားများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ ပေးအပ်သော သက်ကြီးဘိုးဘွားများအတွက် ထောက်ပံ့ငွေ ၃၀၀၀၀ ကျပ်စီကို မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင် နှင့် ဝန်ထမ်းများ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးဝန်ထမ်းများက နမ့်စန် မြို့ပေါ် (၅)ရပ်ကွက်ရှိ သက်ကြီးဘိုးဘွား (၈၈) ဦးတို့အား လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

နမ့်စန်မြို့နယ်တွင် ခိုလမ်မြို့အပါအဝင် အသက် ၈၀ ပြည့်ပြီး ၈၅ နှစ်မပြည့်သေးသော သက်ကြီး ဘိုးဘွား (၁၄၉) ဦးရှိပြီး ကျန်ရှိသော ရပ်ကွက်နှင့်ကျေးရွာများရှိ ဘိုးဘွားများကိုလည်း သက်ဆိုင်ရာရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ထောက်ပံ့ကြေးများကို လက်ဝယ်အရောက် လိုက်လံပေးအပ်လျက်ရှိကြောင်း သိရသည်။

သူရအောင်(ပြန်/ဆက်)